၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုမဲခွဲမှုတွေကို ဒီဇင်ဘာ ၅ ရက်နေ့က ဝါရှင်တန်မြိုမှာ ပြုလုပ်ခဲ့ရာ နာမည်ကြီး အင်္ဂလန်အသင်းက ခရိုအေးရှား၊ ဂါနာ၊ ပနားမားတိုနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပါတယ်။ နည်းပြ တူချယ်ရဲ့ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်နေ့မှာ ခရိုအေးရှားအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အဲ့ဒီနောက် ဂါနာ၊ ပနားမားအသင်းတွေနဲ့ ကစားရမှာဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် တုန်းက အင်္ဂလန်အသင်းကို အနိုင်ရခဲ့ဖူးတဲ့ ခရိုအေးရှားနဲ့ တစ်ကျော့ပြန်ဆုံတာဖြစ်ပါတယ်။ ခရိုအေးရှားက ကမ္ဘာ့အဆင့် မြင့်တဲ့အသင်းဖြစ်သလို ဂါနာကလည်း အရည်အသွေးမြင့် ကစားသမားတွေ အပြည့်ရှိတာကြောင့် အင်္ဂလန်အသင်းအတွက် အုပ်စုကျပ်တယ်လို တူချယ်က သုံးသပ်ခဲ့တာပါ။ ပနားမားအသင်းက အားအနည်းဆုံး ဖြစ်ပေမယ့် လျော့တွက်လိုမရတဲ့အသင်းဖြစ်တယ်လိုလည်း တူချယ်ကပြောသွားခဲ့ပါတယ်။

၂၈ နှစ်အတွင် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပွဲကစားရမယ့် စကော့တလန်ကတော့ ဟေတီ၊ မော်ရိုကို ၊ဘရာဇီးတိုနဲ့ တစ်အုပ်စု တည်းကျနေပါတယ်။ အသင်းပေါင်း ၄၈ သင်းနဲ့ ပထမဆုံးအကြိမ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ ဇွန်လ ၁၁ ရက်နေ့ကနေ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။




