CNG မော်တော်ယာဉ်ပိုင်ရှင်တွေအနေနဲ့ မော်တော်ယာဉ်မှတ်ပုံတင်စာအုပ်(Owner Book)မှာ CNG အသုံးပြု ယာဉ်ဖြစ်ကြောင်း CNG တံဆိပ်တုံးထုနှိပ်ပြီးမှသာ CNG သက်တမ်းတိုးတာကို ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာနကနေ သိရပါတယ်။

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်က စတင်ပြီး မော်တော်ယာဉ် မှတ်ပုံတင်စာအုပ် (Owner Book) မှာ CNG အသုံးပြု ယာဉ်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န)ကနေ CNG တံဆိပ်တုံးထုနှိပ်မှတ်ပုံ တင်ပြီးမှသာ CNG သက်တမ်းတိုးတာကို ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG) သုံးစွဲခွင့်ပြုထားတဲ့ CNG Taxi ယာဉ်တွေ စာရင်းမှန်ကန်မှု ရှိ၊ မရှိ ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းတွေရဲ့ အချက်အလက်တွေကို စစ်ဆေးဖို့ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိ က သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မြေပြင် ကွင်းဆင်းပြီး ဇွန်လ ၂ ရက်ကနေ ၄ ရက်အထိ CNG အရောင်းဆိုင်တွေနဲ့ လမ်းဆုံမှတ်တိုင်တွေမှာ စစ်ဆေးဆောင်ရွက်ခဲ့တယ် လို့လည်း သိရပါတယ်။


