လှိုင်သာယာ (အရှေ့)မြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးကဏ္ဍ စစ်တမ်းကောက်ယူထားခဲ့တာတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေဆီကို ပေးပို့ထားပြီးဖြစ်တယ်လို့ လှိုင်သာယာ(အရှေ့) ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးအေးချမ်းက ပြောပါတယ်။အခုကောက်ယူခဲ့တဲ့စစ်တမ်းဟာ လှိုင်သာယာ(အရှေ့)မြို့နယ်မှာသာမက တစ်နိုင်ငံလုံးမှာ ပထမဆုံး ရပ်ကွက် အုပ်ချုပ်ရေးကဏ္ဍနဲ့ပတ်သက်ပြီး သီးသန့်ကောက်ယူတဲ့စစ်တမ်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။အဲဒီစစ်တမ်းကို လှိုင်သာယာ (အရှေ့) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးချမ်းကဦးစီးပြီး မေ ၂၁ ရက်ကနေ မေ ၂၄ ရက်အထိ တစ်ရပ်ကွက်ရှိ လူအယောက်(၁၀၀)ကို ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စစ်တမ်းကောက်ယူ ပေးပို့နိုင်တာက ပြည်သူတွေရဲ့အသံတွေကို ပေးပို့နိုင်ခဲ့တာလို့ လှိုင်သာယာ(အရှေ့) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးအေးချမ်းက ပြောပါတယ်။ ကောက်ယူခဲ့တဲ့စစ်တမ်းမှာ မေးခွန်း(၁၀)ခုပါဝင်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ လုပ်ဆောင်မှုတွေအပေါ် ခြုံငုံ သုံးသပ်ချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရပ်ကွက်နေပြည်သူတွေအတွက် အများကောင်းကျိုး ဆောင်ရွက်မှု တွေအပေါ် အဆင့်သတ်မှတ်ချက်၊ ဖြောင့်မတ်ရိုးသားမှုနဲ့ အဂတိကင်းစင်မှုအပေါ် အဆင့်သတ်မှတ်ချက်၊ အုပ်ချုပ် ရေးမှူးတွေအနေနဲ့ လက်ရှိမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ် ဦးတည်နေတာ ရှိ မရှိ၊ ရပ်ကွက်အတွင်း စိန်ခေါ်မှုတွေ ကို ထိရောက်စွာ ဖြေရှင်းနိုင်တာ ရှိ မရှိ၊ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဂရုတစိုက် နားထောင်ပြီး ကြိုးစား ဖြေရှင်းပေးတာ ရှိ မရှိ၊ ပွင်းလင်းမြင်သာမှု ရှိ မရှိ၊ ပြည်သူတွေအပေါ် အနိုင်ကျင့်မှု ရှိ မရှိ၊ သူတို့တွေရဲ့ ဆောင်ရွက် ချက်တွေက လွန်ခဲ့တဲ့ (၆)လနဲ့ နှိုင်းယှဉ်ရှိရင် ပိုကောင်းလာတာ ရှိ မရှိ၊ အုပ်ချုပ်ရေးမှူးနေရာမှာ အခြားသူ တစ်ဦး တစ်ယာက်ကို ပြောင်းလဲတာဝန်ပေးဖို့ ဆန္ဒ ရှိ၊ မရှိ တို့ကို မေးမြန်းကောက်ခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ရာမှာ ပြည်သူတွေက ဖြေပေးရမှာကို စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့လည်း ဦးအေးချမ်းက ပြောပါ တယ်။အခုလိုစစ်တမ်းကောက်ရတာက ပြည်သူတွေရဲ့ ထင်မြင်ချက် အသံအမှန်ကို သိရဖို့အတွက်အပြင် ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေရဲ့ အုပ်ချုပ်ရေးစွမ်းဆောင်ရည်ကို အထက်လူကြီးတွေ သိရှိစေဖို့ဖြစ်တယ်လို့ ဦးအေးချမ်းက ပြောပါတယ်။



