အာဆင်နယ်အသင်းရဲ့ ဗဟိုခံစစ်ကစားသမား မော့စ်ကွီရာဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်လောက် နားရတော့မှာဖြစ်ပါတယ်။ ကြားရက်က ဘရန့်ဖိုဒ်အသင်းကို အနိုင်ရတဲ့ပွဲမှာ မော့စ်ကွီရာက ခြေကျင်းဝတ် ဒဏ်ရာရခဲ့တာဖြစ်ပြီး ခံစစ်က ဂါဘရီရယ်ရော ဆာလီဘာပါ ဒဏ်ရာရနေချိန် မော့စ်ကွီရာထပ်နာသွားတာက အာဆင်နယ်ခံစစ်အတွက် ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။

စပိန်နောက်ခံလူ မော့စ်ကွီရာရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးပြီးနောက် ခြေကျင်းဝတ်ဒဏ်ရာက အရမ်းမပြင်းထန်ပေမယ့် အနည်းဆုံး ၆ ပတ်လောက်တော့ နားရ နိုင်ဖွယ်ရှိတယ်လို ခန့်မှန်းထားကြပါတယ်။ အာဆင်နယ်အသင်းဘက်ကတော့ နောက်ထပ် စစ်ဆေးမှုတွေ ထပ်လုပ်ပြီးမှာ မော့စ်ကွီရာ ဘယ်လောက်နားရမယ်ဆိုတာက ကြေညာဖွယ်ရှိနေပါတယ်။ အာဆင်နယ်ခံစစ်မှာ ဂါဘရီရယ်က ဘရားဇီးအတွက် သွားကစားပေးရင်း ဒဏ်ရာရခဲ့သလို ဆာလီဘာကလည်း လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တဲ့အတွက် ကြားရက်မှာ ကစားခဲ့တဲ့ ဘရန့်ဖိုဒ်နဲ့ပွဲလွဲခဲ့ပြီး အခုညမှာ ကစားမယ့် ဗီလာအသင်းနဲ့ ပွဲကိုလည်း မသေချာဘူးလို သိရပါတယ်။

ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာရပ်တည်နေပြီး ပုံစံကောင်းရနေတဲ့ အာဆင်နယ်အသင်းအတွက် ခံစစ်ပြဿနာက အားနည်း ချက်ဖြစ်လာနိုင်ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာကတော့ ကစားသမားတွေဒဏ်ရာရရှိမှုအတွက် ပွဲစဉ်ရေးဆွဲမှုကို ဝေဖန်ထားပြီး ဥရောပ ပြိုင်ပွဲ ကစားထားရတဲ့ အသင်းတွေအတွက် နားရက်အပိုပေးသင့်တယ်လို တောင်းဆိုထားပါတယ်။




