ဘာစီလိုနာအသင်းရဲ့ အသက် ၁၈ နှစ်အရွယ် ကြယ်ပွင့်ကစားသမား ယာမယ်ဟာ နိုဝင်ဘာလအတွက် လာလီဂါ တစ်လတာအကောင်းဆုံးဆုကို ရရှိသွားပါတယ်။ ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလအတွင်း ကစားခဲ့တဲ့ လာလီဂါ ပွဲတွေမှာ ရလဒ်ကောင်းပြီးနောက် လာလီဂါ ဇယားထိပ်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ယာမယ်ကလည်း နိုဝင်ဘာလထဲကစားခဲ့တဲ့ လာလီဂါပွဲတွေမှာ ဘာစီလိုနာအသင်းအတွက် ၃ ဂိုးသွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် အခုလို တစ်လတာအကောင်းဆုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာလ အတွင်း ကစားခဲ့တဲ့ ၄ ပွဲမှာ ယာမယ်က အယ်ချီ၊ ဆယ်တာဗီဂို၊ အလာဗက်စ်အသင်းတွေနဲ့ ပွဲတွေမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ နူးကမ့်ကွင််းသစ်မှာ ပထမဆုံးကစားတဲ့ ဘီလ်ဘာအိုအသင်းနဲ့ပွဲမှာ ယာမယ်က ဂိုးဖန်တီးမှု ၂ ကြိမ်လုပ်ပေးခဲ့သလို အလာဗက်စ်နဲ့ပွဲမှာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တာပါ။

ဒါ့ကြောင်လည်း တစ်လတာအကောင်းဆုံးဆုအတွက် နောက်ဆုံးမဲပေးမှုမှာ ယာမယ်က ရီးရဲလ်တိုက်စစ်မှူး အမ်ဘာပေ၊ အက်သလက်တီကိုတိုက်စစ်မှူး ဂရေ့ဇ်မန်းတိုကို ကျော်ဖြတ်ပြီး တစ်လတာအကောင်းဆုံးဆုကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ယာမယ်က အခုရာသီအစပိုင်းမှာ ဒဏ်ရာပြဿနာတွေ၊ ကွင်းပြင်ပ အရှုပ်အထွေးတွေကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် နိုဝင်ဘာလအတွင်းမှာ ပုံစံကောင်းကို ပြသနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ အခုညမှာ လာလီဂါပွဲအဖြစ် ဘက်တစ်အသင်းအိမ်ကွင်းကို သွားကစားရမှာဖြစ်ပြီး ယာမယ်ပုံစံကောင်းထပ်ပြနိုင်မလား ဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။




