မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိတာနဲ့အညီ နိုင်ငံတော်အစိုးရအနေနဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အစဉ်တစိုက်အလေးထား ဆောင်ရွက်နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။ဒီဇင်ဘာ ၂၅ ရက်၊ မနက်ပိုင်းက ဝါးခယ်မမြို့နယ်၊ ကနစိုးကုန်းကျေးရွာရှိ ကောင်းကင်ဘုံသို့ပင့်ဆောင်ခြင်းခံရသောသခင်မဘုရားကျောင်းမှာ ကျင်းပတဲ့ ခရစ်စမတ်ပွဲတော်ကို တက်ရောက်အမှာစကားပြောကြားရာမှာ အခုလို ပြောကြား ခဲ့တာပါ။

ခရစ်စမတ်ပွဲတော်ကို ပါဝင်ဆင်နွဲခွင့်ရတဲ့အတွက် ခရစ်တော် ဖွားမြင်တာနဲ့ အတူပါရှိလာတဲ့ ငြိမ်းချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေကို အလေးအနက်ထားခံယူထားတယ်လို့ ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောပါတယ်။ဘာသာတရားတိုင်းရဲ့ အနှစ်သာရဟာ လူသားအချင်းချင်း မေတ္တာထားရှိဖို့ တစ်ဦး အပေါ် တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။အခု ကျရောက်တဲ့ ခရစ်စမတ် အခါသမယမှသည် အနာဂတ်မှာ ခရစ်တော်ရဲ့ မေတ္တာတရား၊ ငြိမ်းချမ်းခြင်းတရားတို့ လွှမ်းခြုံနိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောပါတယ်။ဆက်လက်ပြီး ဘုရားကျောင်းမှ ဆရာတော်တစ်ပါးက ခရစ်စမတ်နေ့နဲ့ ပတ်သက်ပြီး ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် ပြည်ထောင်စုဝန်ကြီးက ဘုရားကျောင်းအတွက် ဆိုလာမီးနဲ့ စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းတွေကို ပေးအပ်လှူဒါန်းပြီး ဆရာတော်တစ်ပါးက အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်ခဲ့ပါတယ်။

အဲဒီနောက် ပြည်ထောင်စုဝန်ကြီး နဲ့ ဧည့်ပရိတ်သတ်တွေကို ခရစ်ယာန် လူငယ်အဖွဲ့က ခရစ်စမတ် တေးသီချင်းနဲ့ သီဆိုဖျော်ဖြေပြီးနောက် ပြည်ထောင်စုဝန်ကြီးဟာ ဘုရားကျောင်းကို လာရောက်ကြသူတွေကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါတယ်။အဲဒီအပြင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ဟာ တာဝန်ရှိသူတွေ ရပ်မိရပ်ဖတွေနဲ့အတူ ဒီဇင်ဘာ ၂၅ ရက်၊ မနက်ပိုင်းက ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ပရိယတ္တိ ပဋိပတ္တိ ဓမ္မစင်တာမှာ ကျင်းပတဲ့ ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော် အဆူ (၅၀၀) အနေကဇာတင် မင်္ဂလာအခမ်အနားကိုလည်း တက် ရောက်ခဲ့ပါတယ်။ဆက်လက်ပြီး မြတ်စွယ်တော်ဈေးကျောင်း ပရိယတ္တိ စာသင်တိုက် ဆရာတော်ကြီးရဲ့ သိက္ခာထပ် မင်္ဂလာ အခမ်းအနားကို အဲဒီ ကျောင်းတိုက်သိမ်တော်အတွင်း ကျင်းပရာ အလှူရှင်တွေက ဆရာတော် သံဃာတော်တွေကို သိမ်ဆင်းလောင်းလှူ ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ရေစက်ချ အခမ်းအနားကို ဓမ္မစင်တာအတွင်း ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနဲ့ ဧည့်ပရိတ်သတ်တွေက ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးတွေကို သင်္ကန်း နဲ့ လှူဖွယ်ပစ္စည်းတွေ ဆက်ကပ်လှူဒါန်းကာ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါတယ်။ဒါ့အပြင် မွန်းလွဲပိုင်းမှာလည်း ပြည်ထောင်စုဝန်ကြီးဟာ ကျုံမငေးမြို့၊ ဥုံစရီရာမလက္ခဏာ ဘုရားကျောင်းကို သွားရောက်ပြီး ကျောင်းတာဝန်ခံကို ဆိုလာမီး၊ အလှူငွေနဲ့ လှူဖွယ်ပစ္စည်းတွေ ပေးအပ်လှူဒါန်းသလို ရွှေသုဿန် ဘုန်းကြီးကျောင်းကို သွားရောက်ပြီးတော့လည်း ရွှေသုဿန်ကျောင်း ဆရာတော်ကို သင်္ကန်း၊ ဆိုလာမီးနဲ့ လှူဖွယ်ပစ္စည်းတွေကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။




