တုပ်ကွေးရောဂါပိုးတစ်မျိုးဖြစ်တဲ့ Subclade K နဲ့ပတ်သက်လို့ လူထုအတွင်း ရောဂါပိုးကိုကာကွယ်နိုင်မယ့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေတာ၊ လက်ရှိအသုံးပြုနေတဲ့ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေနဲ့ ကုသတဲ့ဆေးဝါးတွေနဲ့လည်း ကာကွယ်ကုသနိုင်တာတို့ကြောင့် ပြည်သူလူထုအနေနဲ့ အထူးစိုးရိမ်ဖို့မလိုအပ်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာမြတ်ဝဏ္ဏစိုးကပြောပါတယ်။

ဒီဇင်ဘာ(၂၃)ရက် မနက်ပိုင်းက နေပြည်တော်၊ တုံဂပူရိဟိုတယ်မှာပြုလုပ်တဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင် ရွက်နေတဲ့ တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါ။ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိတယ်လို့ဆိုပါတယ်။ လတ်တလော ကမ္ဘာ့မီဒီယာတွေမှာ ဖော်ပြနေတဲ့ နိုင်ငံအချို့မှာ ကူးစက်မှုမြင့်တက်နေတဲ့ တုပ်ကွေးရောဂါပိုး Influenza A H3N2 ဟာ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာလည်း ကူးစက်ဖြစ်ပွားနေတဲ့ ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကိုမူ မတွေ့ရှိရသေးဘူးလို့လည်းပြောပါတယ်။

ဒါပေမယ့် လူထုအတွင်း ရောဂါပိုးကိုကာကွယ်နိုင်မယ့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေသလို လက်ရှိအသုံးပြုနေတဲ့တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေနဲ့ ကုသတဲ့ဆေးဝါးတွေနဲ့လည်း ကာကွယ်ကုသနိုင်တဲ့အတွက် ပြည် သူလူထုအနေနဲ့ အထူးစိုးရိမ်ဖို့မလိုအပ်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာတွေဖြစ်ပွားလာရင် ပြည်သူ့ဆေးရုံတွေမှာ တုပ်ကွေးရောဂါကုသဆေးတွေနဲ့ ကုသပေးနိုင်ရေးနဲ့ အထူးကြပ်မတ်ကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိတယ်လို့လည်းပြောပါတယ်။အဲဒီအပြင် ပြည်သူလူထုထံ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးတာနဲ့ ကျန်းမာရေးအသိပညာပေးတာတို့ကို ဆောင်ရွက်ပေးနေပြီး ရောဂါစောင့်ကြပ်ကြည့်ရှုတာကိုလည်း အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားဖို့အတွက် အခုအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းပြီး ပေါင်းစပ်ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။




