ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနလက်အောက်ရှိ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးမှာ အဆိပ်သင့်ကုသမှုဌာနကိုဖွင့်လှစ်ထားပြီး အဆိပ်သင့်လူနာတွေကို ကုသမှုပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေသိရပါတယ်။

ဒါ့အပြင် အကြောအဆစ်နဲ့ ပြန်လည်သန်စွမ်းရေးအထူးကုဌာနကိုလည်း ဖွင့်လှစ်ပြီးကုသမှုတွေလုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။အဲဒီ ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီးဟာ ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးဖြစ်ပြီး ဆေးတက္ကသိုလ် (၁)ရန်ကုန်ရဲ့ သင်ကြားရေးဆေးရုံကြီးလည်း ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးရဲ့ အထူးကုပြင်ပလူနာဌာနကိုလည်း ရုံးပိတ်ရက်တွေကအပ နေ့စဉ် မနက်(၈)နာရီကနေ နေ့လယ် (၁၂)နာရီအထိတစ်ကြိမ် နေ့လယ်(၂)နာရီကနေ ညနေ (၄)နာရီအထိတစ်ကြိမ် အချိန်ခွဲဖွင့်လှစ်ပြီး သက်ဆိုင်ရာဘာသာရပ်တွေအလိုက် ပါမောက္ခ/ဌာနမှူးတွေနဲ့ အထူးကု ဆရာဝန်ကြီးတွေက လူနာတွေကို ကြည့်ရှုကုသပေးနေတယ်လို့ သိရပါတယ်။

အဲဒီအပြင် အရေးပေါ်လူနာဌာနကိုလည်း ၂၄ နာရီ ဖွင့်လှစ်ထားရှိပြီး အထွေထွေရောဂါ၊ အထွေထွေခွဲစိတ်ရောဂါနဲ့ အဆိပ်သင့် အရေးပေါ်လူနာတွေကို၂၄ နာရီ လက်ခံကုသပေးနေပြီး အဆင်မပြေမှုတွေရှိခဲ့ရင် ဆေးရုံအုပ်ကြီးရုံးခန်းဖုန်း၀၁-၃၈၄၄၉၄၊ ၃၈၄၄၉၅၊ လိုင်းခွဲ – ၂၂၁၊ အရေးပေါ်နှင့်ပြင်ပလူနာဌာန၊ ၀၁-၃၈၄၄၉၄၊ ၃၈၄၄၉၅၊ လိုင်းခွဲ – ၂၄၅၊တို့ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းပြောကြားနိုင်တယ်လို့လည်းအသိပေးထားပါတယ်။




