မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ကျွဲနွားထောက်အုပ်စု၊ သရက်ပင်ကျေးရွာရှိ သျှရီကရီစ္စနားဂေါ်ရှာလား နွားဘေးမဲ့ရိပ်သာရဲ့ (၁၀၂)နှစ်မြောက် အထိမ်းအမှတ်ပွဲတော်ကို ဒီဇင်ဘာ၂၅ရက် မနက်ပိုင်းက ကျင်းပပါတယ်။

ဟိန္ဒူဘာသာဝင်တွေရဲ့နွားဘေးမဲ့ပွဲတော်ကျင်းပရခြင်းမှာကျေးဇူးရှင် Gaw Matha (ဂေါ်မာသာ)ကိုအထူးပူဇော်တဲ့ အနေနဲ့ ရိုးရာမပျက်ကျင်းပတာဖြစ်တယ်လို့ ဂေါပကအဖွဲ့ဝင်ဦးဖြစ်တဲ့ ဗီဂျေးဝီဂျဲ(ခ)ဦးကျော်ကျော်ဦးက ပြောပါတယ်။ လက်ရှိအချိန်မှာ နွားစာကျက်နဲ့အဆောက်အဦးအခက်အခဲကြောင့်ပြင်ပကလာရောက်လှူဒါန်းတဲ့နွားတွေကို လက်ခံခြင်းမပြုသေးပဲ ကနဦးလှူဒါန်းမှုတွေကတိုးပွားလာတဲ့ နွားတွေကိုသာ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်နေတယ်လို့ ဂေါပကဥက္ကဋ္ဌ ဦးရှမ်းက ပြောပါတယ်။

အခုနှစ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာမှာ ဟိန္ဒူနေပါလီ ရိုးရာအကတွေနဲ့ဖျော်ဖြေတာ၊ ဘန်ဒါရား/သက်သက်လွတ်စတုဒိသာကျွေးမွေးလှူဒါန်းတာနဲ့ ကံစမ်းမဲဖွင့်လှစ်ပေးတာတွေပါ ပြုလုပ်ပေးတယ်လို့ ဆိုပါတယ်။
သျှရီကရီစ္စနားဂေါ်ရှာလား နွားဘေးမဲ့ရိပ်သာကိုမြေအလှူရှင် သျှရီဘိုလားနားသ်ဂျီး မိသားစုက ၁၉၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်မှာ မြေ (၁၈ဒသမ၁၀)ဧကနဲ့ နွား(၅)ကောင်ကိုနွားဘေးမဲ့ရိပ်သာအဖြစ် ရေစက်ချ မတည်လှူဒါန်းတည်ထောင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာနွားအကောင်ရေ(၅၃)ကောင်ကို ခေတ်အဆက်ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။




