ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာ၊ ဒုဋ္ဌဝတီမြစ်အနီးမှာ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၈ ယောက်ကို ဆက်စပ်ပစ္စည်းတွေ၊ လူနေ အဆောက်အအုံတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်က ကျောက်မဲမြို့နယ်၊ တောင်ထိပ်ကျေးရွာရဲ့ တောင်ဘက် ဒုဋ္ဌဝတီမြစ်အနီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာစဥ် မသင်္ကာဖွယ်ရာ အဆောက်အအုံတွေကို တွေ့ရှိရတဲ့အတွက် ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ လုပ်ဆောင်နေတဲ့ နေရာဖြစ်ကြောင်း တွေ့ရှိရပြီး လုပ်ငန်းလုပ်ကိုင်နေကြသူတွေကို မတွေ့ရှိရဘဲ လူနေအဆောက်အအုံတွေ၊ ကွန်ပျူတာ အလုံး ၃၀၊ STAR LINK ဗန်း ၁၀ ခု အပါအဝင် ကွန်ပျူတာ ဆက်စပ်ပစ္စည်းတွေနဲ့ အခြားလျှပ်စစ်သုံးပစ္စည်းတွေကို တွေ့ရှိ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။ ဆက်လက်ပြီး နယ်မြေလုံခြုံရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် တောင်ထိပ်ကျေးရွာရဲ့ မြောက်ဘက်မှာ အွန်လိုင်းလိမ်လည် လောင်းကစားမှုတွေ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၁၀ ယောက်၊ ဒီဇင်ဘာ ၁ ရက်မှာ တောင်ထိပ်ကျေးရွာရဲ့ တောင်ဘက်မှာ နောက်ထပ် တရုတ်နိုင်ငံသား ၁၀ ယောက် နဲ့ ပုံဝိုးကျေးရွာအနီးမှာ တရုတ်နိုင်ငံသား ၈ ယောက်တို့ကို အသီးသီး ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် သိမ်းဆည်းရမိတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ် ပစ္စည်းတွေ၊ လူနေအဆောက်အအုံတွေ၊ နေရာထိုင်ခင်းတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖမ်းဆီးရမိသူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို တရားဥပဒေနဲ့အညီ တရားစွဲဆို အရေးယူနိုင်ရေးနဲ့ ပြည်ပနိုင်ငံသားတွေကို လူသားချင်း စာနာထောက်ထားမှုအရ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။




