လက်ရှိပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်လိုင်းတစ်ချို့ရဲ့ ကားလက်မှတ်ခ ဈေးနှုန်းတွေက အခု မတ်လ ဒုတိယပတ်ကစပြီး အရင်ကထက် အနည်းငယ်မြင့်တက်သွားတယ်လို့ ရန်ကုန်အခြေစိုက်အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းတစ်ချို့ဆီကနေ သိရပါတယ်။လက်ရှိမှာ အကြောင်းအမျိုးမျိုးကြောင့် Express ယာဉ်တွေဟာ ခရီးစဉ်တွေပေါ် မူတည်ပြီး လက်မှတ် စျေးနှုန်းတွေ အရင်ကထက် အနည်းငယ် မြင့်တက်သွားတာဖြစ်ပြီး တစ်ချို့ယာဉ်လိုင်းတွေကတော့ ဧပြီ လလောက်ရောက်မှသာ ခရီးစဉ်အလိုက် ဈေးနှုန်းအနည်းငယ်စီ တိုးမြှင့်ဖို့ရှိတယ်လို့ ဆိုကြပါတယ်။

အရင်က ရန်ကုန် – မန္တလေး ခရီးစဉ်အတွက် ရိုးရိုးကား လက်မှတ်ခက ကျပ် ၄၃၀၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ အခုအခါမှာ ကျပ် ၄၈၀၀၀ ဝန်းကျင်အထိရှိလာပြီး အထူးကားတွေဆိုရင် ကျပ် ၅၈၀၀၀ ဝန်းကျင်ကနေ အခု ၆၅၀၀၀ ဝန်းကျင်လောက်အထိ ဈေးနှုန်းတွေ မြင့်တက်သွားတာဖြစ်တယ်လို့ သိရ ပါတယ်။ရန်ကုန် – နေပြည်တော်ခရီးစဉ်အတွက် ရိုးရိုးကားလက်မှတ်ခက အရင် ကျပ် ၂၉၀၀၀ ကနေ အခုအခါ ကျပ် ၃၃၀၀၀ အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ သိရပါတယ်။

လက်ရှိမှာ ရန်ကုန်-ပုဂံ ရိုးရိုးကားလက်မှတ်တစ်စောင်ကို ကျပ် ၃၁၈၀၀၊ အထူးကားလက်မှတ်တစ်စောင်ကို ကျပ် ၄၃၈၀၀ ခန့် ဖြစ်တယ်တယ်လို့ အဝေးပြေးကားလက်မှတ်အရောင်းဌာနတစ်ခုရဲ့ တာဝန်ရှိသူတစ်ယောက် က ပြောပါတယ်၊၊အခုဖြစ်ပေါ်နေတဲ့ ခရီးစဉ်ဈေးနှုန်းတွေဟာ အဝေးပြေးယာဉ်လိုင်း တစ်ခုနဲ့တစ်ခုကြားမှာ ကွာခြားပြောင်းလဲတာ တွေ ရှိနိုင်တယ်လို့လည်း ဆိုပါတယ်။အဝေးပြေးယာဉ်လိုင်းကြီးတစ်ချို့က သင်္ကြန်အတွက် လက်မှတ်ကြိုတင်ရောင်းချမဲ့ရက်တွေကို ပြန် လည်ပြောင်းလဲသတ်မှတ်ရောင်းချနေတာရှိပြီး ယာဉ်လိုင်းတစ်ချို့ကတော့ ရောင်းချမယ့်ရက် မသတ် မှတ်ရသေးဘူးလို့ သိရပါတယ်။




