ရန်ကုန်တိရစ္ဆာန်ဥယျာဥ်အတွင်းမှာ မူးယစ်စေတဲ့အရာတွေ သုံးစွဲခွင့်မပြုတာ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ လက်နက် တွေ ယူဆောင်ခွင့် မပြုတာ၊ အသံချဲ့စက်နဲ့ sound box တွေ ယူဆောင်လာတာ မပြုလုပ်ဖို့ စတဲ့ အချက်တွေအပါ အဝင် လိုက်နာသင့်တဲ့စည်းကမ်းချက်တွေကို ရန်ကုန်တိရစ္ဆာန်ဥယျာဥ်က အသိပေးထုတ်ပြန်ပါတယ်။

တိရစ္ဆာန်တွေနဲ့သဘာဝကို ထိန်းသိမ်းစောင့်ရှောက်ပြီး လူအများကို ဗဟုသုတတွေ မျှဝေနေတဲ့ တိရစ္ဆာန်ဥယျာဥ် တွေအတွင်းကို လာရောက်လည်ပတ်ရာမှာ ဧည့်သည်တွေအနေနဲ့ တိရစ္ဆာန်တွေနဲ့ သဘာဝကို လေးစားပြီး လုံခြုံ စိတ်ချစွာ လည်ပတ်နိုင်စေဖို့ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်ဆောင်လာတာ၊ တိရစ္ဆာန်တွေကို စနောက်တာ၊ တိရစ္ဆာန်တွေကို သက်ဆိုင်ရာရဲ့ ခွင့်ပြုချက်မရှိဘဲ မလွှတ်ဖို့၊ ဥယျာဉ်အတွင်း မီးမွှေးတာတွေ မပြုလုပ်ဖို့၊ ငါးဖမ်းတာနဲ့ ရေကူးတွေ မပြုလုပ် ဖို့ကိုလည်း အသိပေးထားပါတယ်။အဲဒီအပြင် တောရိုင်းတိရစ္ဆာန်တွေကို တန်ဖိုးထားပြီး စာနာမှုထားဖို့၊ သစ်ပင်ပန်းမန်တွေကို တန်ဖိုးထားပြီး ဂရု စိုက်ဖို့၊ တိရစ္ဆာန်တွေရဲ့ သဘာဝ အပြုအမူတွေကို လေ့လာဖို့၊ အမှိုက်တွေကို အမှိုက်ပုံးထဲ စနစ်တကျ စွန့်ပစ်ဖို့နဲ့ တိရစ္ဆာန်တွေကို လုံခြုံစိတ်ချရတဲ့ နေရာက ကြည့်ရှုဖို့တွေကိုလည်း အသိပေးထားပါတယ်။

အခုအသိပေးထုတ်ပြန်လိုက်တဲ့ အချက်တွေကို လိုက်နာပေးတာကြောင့် တိရစ္ဆာန်တွေရဲ့ လုံခြုံအေးချမ်းမှုနဲ့ သဘာဝအလှတရားတွေကို တည်တံ့စွာ ထိန်းသိမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိရစ္ဆာန်ဥယျာဥ်ဟာ လူအများဗဟုသုတရရှိစေဖို့၊ အသိပညာတွေ မျှဝေပေးဖို့ ၊ သုတေသနလုပ်ငန်းတွေ ဆောင် ရွက်ဖို့၊ တောရိုင်းတိရစ္ဆာန်တွေကို မျိုးဆက်ထိန်းသိမ်းဖို့နဲ့ သားပေါက်မျိုးပွားဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ် ထားတာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။




