ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေကို ပြီးခဲ့တဲ့ ရုံးပိတ်ရက်ရှည်ကာလဖြစ်တဲ့ ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၇ ရက်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ၂၀၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

ငွေဆောင်ကမ်းခြေကို ပြည်တွင်း ခရီးသွားဧည့်သည် ၂၀၃၈၅ ယောက်နဲ့ ပြည်ပခရီးသွား ဧည့်သည် ၉၀၇ ယောက် စုစုပေါင်း ၂၁၂၉၂ ယောက် လာရောက် လည်ပတ်ခဲ့တယ်လို့ ဆိုပါတယ်။ငွေဆောင်ကမ်းခြေကို ရုံးပိတ်ရက်ရှည်ကာလတွေမှာ ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှု များပြားပြီး ပုံမှန် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာလည်း လာရောက်လည်ပတ်မှု ရှိနေတာပါ။ ပြည်ပခရီးသွားတွေထဲမှာတော့ ရှရှား၊ အိန္ဒိယ၊ တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေက လာရောက်လည်ပတ်မှု များတယ်လို့ သိရပါတယ်။

ငွေဆောင်ကမ်းခြေမှာ ငွေဆောင် Night Market ၊ ငှက်ကျွန်း၊ လိပ်ကျွန်း၊ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ကျွန်းလျား ရှည် စတဲ့ ကျွန်းတွေအပြင် ပုသိမ်-ငွေဆောင် ကားလမ်း (၁၉) မိုင်ရှိ ဆင်စခန်းနဲ့ ဘူးကွဲကျေးရွာ အနီးရှိ မိုးမခ ဆင်စခန်းတို့ကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ ဒါ့အပြင် ငွေဆောင်ကမ်းခြေကတစ်ဆင့် ဂေါ်ရင်ဂျီကျွန်း နဲ့ ချောင်းသာကမ်းခြေကိုလည်း Speed Boat နဲ့ နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်တာကြောင့် ခရီးသွားတွေ အတွက် အဆင်ပြေတယ်လို့ သိရပါတယ်။




