စနေညက အလာဗက်စ်အသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ အိမ်ကွင်းပွဲမှာ အထုတ်ခံခဲ့ရတဲ့ ဆီဗီလာအသင်းနည်းပြ အယ်မေးဒါးကို ၇ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

အာဂျင်တီးနားလူမျိုးနည်းပြ အယ်မေးဒါးဟာ အလာဗက်စ်အသင်းနဲ့ပွဲ ပွဲပြီးကာနီးမှာ ကွင်းလယ်ဒိုင်နဲ့ အချင်းများ ခဲ့တာဖြစ်ပြီး အနီကတ်ပြအထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

နည်းပြ အယ်မေးဒါးရဲ့ ပွဲပယ်ပြစ်ဒဏ်တွေထဲမှာ ကွင်းလယ်ဒိုင်လူကြီးကို လေးစားမှုမရှိခြင်း အတွက် ၃ ပွဲ၊ ဒိုင်လူကြီးတွေကို ပြင်းထန်စွာစောဒကတက်ခြင်း အတွက် ၂ ပွဲ၊ အနီကတ်ပြအထုတ်ခံရပြီးနောက် ကွင်းအတွင်းကနေ ချက်ခြင်းမထွက်ခွာမှုအတွက် ၁ ပွဲနဲ့ စည်းကမ်းတွေကို ချိုးဖောက်တဲ့အတွက်အတွက် ၁ ပွဲ စုစုပေါင်း ၇ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီရဲ့ ကြေညာချက်မှာရေးထားပါတယ်။

ပွဲအပြီးမှာ အယ်မေးဒါးက သူ့ရဲ့အပြူအမူတွေအတွက် ပြန်လည်တောင်းပန်ခဲ့ပေမယ့် သူ့ကိုဘာကြောင့် အနီကတ်နဲ့ ထုတ်ပယ်လိုက်သလဲဆိုတာကိုတော့ အခုချိန်ထိ သိချင်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။
ဆီဗီလာအသင်းဘက်က နည်းပြအယ်မေးဒါးအပေါ် ချမှတ်တဲ့ ပွဲပယ်ပြစ်ဒဏ်က ပြင်းထန်လွန်းပြီး အယူခံဝင်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။





