မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ တိုက်စစ်မှူး မက်ဆီကို ဂုဏ်ပြုတဲ့အနေနဲ့ ပရိသတ် ၂၆၇၀၀ ဆံ့ ကွင်းသစ်ကြီးမှာ အရှေ့ဘက်ပွဲကြည့်စင်ကို မက်ဆီရဲ့ နာမည်ပေးသွားမယ်လို့ သိရပါတယ်။ ၂၀၂၃ ခုနှစ်မှာ အင်တာမိုင်ယာမီအသင်းဆီကို မက်ဆီရောက်လာပြီးနောက် အသင်းရဲ့ နာမည်ဂုဏ်သတင်းက ပိုမိုကြီးမားလာခဲ့သလို ချန်ပီယံဆုတွေကိုလည်း ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီကိုယ်တိုင်လည်း အင်တာမိုင်ယာမီအသင်း သမိုင်းတစ်လျှောက် သွင်းဂိုး ၈၂ ဂိုးနဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်သလို ဂိုးဖန်တီးမှု ၅၃ ကြိမ်နဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ဒါ့ကြောင့်လည်း အင်တာမိုင်ယာမီ အသင်းက လက်ရှိအသင်းမှာကစားနေဆဲ ကစားသမားတစ်ယောက်ကို ပွဲကြည့်စင်နာမည်ပေးပြီး ဂုဏ်ပြုဖို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ပုံမှန်အတိုင်းဆို အတိတ်က အောင်မြင်မှုရယူ ပေးခဲ့သူတွေကို ဂုဏ်ပြုကြတာဖြစ်ပေမယ့် အခုကအသင်းမှာ ကစားနေဆဲ ကစားသမားကို ဂုဏ်ပြုတာဖြစ်တာ ကြောင့် ထူးခြားတယ်လို့ အင်တာမိုင်ယာမီ အသင်းကြေညာချက်မှာ ရေးထားပါတယ်။

မက်ဆီအတွက်တော့ အခုလိုသူ့ရဲ့နာမည်နဲ့ ပွဲကြည့်စင်ဂုဏ်ပြုမှုက ဒုတိယအကြိမ်ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုကိုရယူနိုင်ခဲ့ပြီးနောက် သူ့ရဲ့ ကလပ်အသင်းဟောင်း နယူးဝဲလ်အိုဘွိင်း အသင်းက ၂၀၂၅ ဇွန်လမှာ အသင်းရဲ့ပွဲကြည့်စင်ကို မက်ဆီ နာမည်ပေးပြီး ဂုဏ်ပြုထားတာ ဖြစ်ပါတယ်။




