ရာသီအကုန်မှာ မန်ယူအသင်းကနေ ထွက်ခွာမယ့် ဆုံးဖြတ်ချက်ကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကွင်းလယ်လူ ကက်စမဲရိုးက အတည်ပြုလိုက်ပါတယ်။ ကွင်းလယ်လူ ကက်စမဲရိုးဟာ နည်းပြကာရစ်လက်ထက်မှာ ပုံစံကောင်းပြသနေပြီး ပရီးမီးယားလိဂ် နောက်ဆုံး ၃ ပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားနိုင်တာဖြစ်ပါတယ်။

မန်ယူအတွက် ပွဲပေါင်း ၁၅၀ ကျော်ကစားပေးထားတဲ့ ကွင်းလယ်လူ ကက်စမဲရိုးအနေနဲ့ စာချုပ်ပြည့်မယ့် ရာသီအကုန်မှာ အသင်းကနေ ထွက်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ယူအသင်းက ကြေညာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိပြသနေတဲ့ ကက်စမဲရိုးရဲ့ ခြေစွမ်းကြောင့် အသင်းမှာ နောက်ထပ်တစ်ရာသီ ဆက်နေဖို့ မန်ယူ ပရိသတ်တွေ တောင်းဆိုနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ယုံကြည်မှုကြောင့် ပျော်ရွှင် ရပေမယ့် ဆုံးဖြတ်ချက်တွေအားလုံးက ချပြီးဖြစ်တယ်လို့ ကက်စမဲရိုးက ဘရာဇီးနဲ့ ပြင်သစ်အသင်း ခြေစမ်းပွဲအပြီးမှာ ပြောသွားခဲ့တာပါ။

ဆက်လက်ပြီး ကက်စမဲရိုးက မန်ယူအသင်းဆီကို နည်းပြ ကာရစ်ပြန်လည်ရောက်ရှိလာတာက ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေခဲ့တယ်လို့ သုံးသပ်သွားခဲ့ပါတယ်။ နည်းပြကာရစ်က ကွင်းလယ်ကစားသမားဟောင်း တစ်ယောက်ဖြစ်တဲ့အတွက် သူ့ရဲ့နည်းဗျူဟာတွေအောက်မှာ ကစားရတာ ပိုအဆင်ပြေခဲ့လို့ အခုလိုမျိုးခြေစွမ်း ပြနိုင်တာဖြစ်တယ်လို့လည်း ကက်စမဲရိုးက ပြောသွားခဲ့ပါတယ်။




