လက်ရှိ လွှတ်တော်တွေပေါ်ပေါက်လာတာဟာ နိုင်ငံရေးဘောင်ပေါ်လာတာဖြစ်ပြီး နောက်ထပ် နိုင်ငံရေးဘောင် ကျယ်လာဖို့အတွက်လည်း ဆက်လုပ်ရဦးမှာဖြစ်တယ်လို့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကပြောပါတယ်။မတ်လ ၂၇ ရက်က နေပြည်တော်မှာကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်လာချိန်မှာ သတင်း ထောက်တွေရဲ့မေးမြန်းမှုအပေါ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးကအခုလိုပြောကြားလိုက်တာပါ။

နိုင်ငံရေးဘောင်ကျယ်ဖို့ လုပ်ဆောင်ရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုက အလွန်အရေးကြီးတယ်လို့လည်း ဆိုပါတယ်။လက်ရှိမှာ ပဋိပက္ခတွေကြောင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမြင့်မားနေတဲ့အတွက် သာမာန်အခြေအနေလို မျှော်လင့်လိုမရနိုင်ဘူးလို့လည်းဆိုပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍမြင့်မားနေတာဟာလည်း လုံခြုံရေးစိန် ခေါ်မှုတွေ မြင့်တက်နေတာကြောင့်ဖြစ်တယ်လို့ ဦးကိုကိုကြီးကပြောပါတယ်။ မကြာမီမှာ တပ်မတော်ခေါင်းဆောင်ပိုင်းအပြောင်းအလဲရှိလာနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံရေးအပိုင်းမှာလည်း ပြောင်းလဲလာဖို့က တက်လာတဲ့ ခေါင်းဆောင်ပိုင်းတွေရဲ့ ဆင်ခြင်တုံတရားပေါ်မှာ မူတည်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။

မကြာမီရက်ပိုင်းအတွင်းမှာ ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်ရဲ့အထွဋ်အထိပ်ရာထူး နိုင်ငံတော် သမ္မတတာဝန်ထမ်းဆောင်မယ့် သူတွေကို ရွေးချယ်တင်မြှောက်သွားမှာဖြစ်သလို တပ်မတော်ပိုင်းမှာလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အသစ် ထွက်ပေါ်လာနိုင်ဖွယ်ရှိနေပါတယ်။




