နော်ဝေကလပ် ဘိုဒိုဂလင့်မ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ လိုက်ပါအားပေးခဲ့ကြတဲ့ အသင်းပရိသတ်တွေကို လက်မှတ်ဖိုးငွေ ပြန်ပေးသွားမယ်လို့ မန်စီးတီးအသင်းက သတင်းထုတ်ပြန်ပါတယ်။

အိမ်ရှင်အသင်းကို ၃ဂိုး- ၁ဂိုး နဲ့မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့တဲ့ပွဲကို မန်စီးတီးအသင်း ပရိသတ် ၄၀၀ နီးပါး လိုက်ပါအားပေးခဲ့ကြတာဖြစ်ပါတယ်။

ခရီးဝေးကိုလိုက်ပါအားပေးပြီး စိတ်ပျက်စရာရလဒ်နဲ့ ခြေစွမ်းမျိုးကို မြင်တွေ့ရခဲ့တဲ့ ပရိသတ်တွေအတွက် အခုလို လက်မှတ်ဖိုး ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ မန်စီးတီးအသင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဘာနာဒို ဆေးလ်ဗား၊ ရူဘင်ဒီယက်စ်၊ ဟာလန်းနဲ့ ရိုဒရီတို့က ကြေညာချက်မှာ ရေးသားထားပါတယ်။

အဝေးကွင်းကို လိုက်ပါအားပေးတဲ့ မန်စီးတီးပရိသတ်တွေရဲ့ လက်မှတ် ၃၇၄ စောင်အတွက် ကုန်ကျငွေက ပေါင် ၁ သောင်းနီးပါး ရှိတယ်လို့ ဆိုပါတယ်။
အသင်းပရိသတ်တွေဆိုတာက ကစားသမားတွေအတွက် အရာရာအဓိပ္ပါယ်ရှိပါတယ်လို့ မန်စီးတီးအသင်းခေါင်းဆောင်အစုအဖွဲ့ရဲ့ စုပေါင်းကြေညာချက်မှာ ရေးထားပါတယ်။

လာမယ့် စနေည ကစားမယ့် ဝုဗ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ရလဒ်ကောင်းကို ပြန်ရဖို့ ကြိုးစားမှာဖြစ်သလို လာမယ့် ဗုဒ္ဓဟူးညမှာ ကစားမယ့် ဂါလာတာစာရေးအသင်းနဲ့ အိမ်ကွင်းပွဲမှာလည်း ပရိသတ်ရဲ့ အံ့အားသင့်ဖွယ်အားပေးမှုနဲ့အတူ နိုင်ပွဲရအောင် ကြိုးစားသွားမယ်လို့လည်း မန်စီးတီးအသင်းသားတွေ ကတိပေးထားပါတယ်။




