ဩစတြေးလျအိုးပင်းပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း တတိယအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီးနောက် ဂျိုကိုဗစ်က လာမယ့်အဆင့်တွေမှာ ခွန်အားကိုချွေတာသုံးဖို့ ပြင်ဆင်ရတော့မယ်လို့ ပြောသွားပါတယ်။

ဒုတိယအဆင့်အဖြစ် ကစားခဲ့တဲ့ပွဲမှာ ဂျိုကိုဗစ်က အီတလီနိုင်ငံသား မက်စတာရယ်လီကို ၃ ပွဲပြတ်နဲ့ အနိုင်ရပြီး တတိယအဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ၂ နာရီနဲ့ ၁၅ မိနစ်အကြာမှာပဲ ဂျိုကိုဗစ်က မက်စတာရယ်လီကို (၆း၃၊၆း၂၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး လာမယ့်အဆင့်ပွဲတွေမှာလည်း ဂျိုကိုဗစ်အနေနဲ့ ရလဒ်ကောင်းဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ဂရင်းစလမ်တစ်ဦးချင်း ချန်ပီယံဆုကို ၂၄ ကြိမ်ရထားတဲ့ ဂျိုကိုဗစ်ဟာ အခုနှစ် ဩစတြေးလျအိုးပင်းမှာ ၂၅ ခုမြောက် ချန်ပီယံဆုကိုရယူပြီး ဂရင်းစလမ်တစ်ဦးချင်း ချန်ပီယံဆု အများဆုံးရသူ အဖြစ် စံချိန်တင်နိုင်ဖို့မျှော်လင့်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဂျိုကိုဗစ်ရဲ့ ဂရင်းစလမ်ချန်ပီယံ အိပ်မက်ကို သူ့ရဲ့အသက်အရွယ်အရ ကြံ့ခိုင်မှုပြဿနာက နှောင့်ယှက်နေခဲ့တာဖြစ်ပါတယ်။
အသက် ၃၈ နှစ် အရွယ် ဂျိုကိုဗစ်ဟာ မနှစ်က ဂရင်းစလမ်ပြိုင်ပွဲ ၄ ခုစလုံးမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်ခဲ့ပေမယ့် ၃ ကြိမ်မှာ ဒဏ်ရာပြဿနာကြောင့် ပြိုင်ပွဲကနေ ထွက်လိုက်ရတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျိုကိုဗစ်က အခုနှစ်ပြိုင်ပွဲ နောက်ပိုင်းအဆင့်တွေမှာ ဒဏ်ရာပြဿနာကင်းရှင်းစေဖို့ကို ဦးစားပေးလုပ်ဆောင်သွားရမှာဖြစ်တယ်လို့ ဒုတိယ အဆင့်ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်။




