မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်မှာ ငွေကျပ် ၃ ဘီလီယံခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား အပြား နှစ်သန်း နဲ့ အတူ အမျိုးသား တစ်ယောာက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။လုံခြုံရေးပူးပေါင်းအဖွဲ့ဟာ မတ် ၂၄ ရက်၊ မနက် ၂ နာရီခွဲလောက်က ရမည်းသင်းမြို့နယ်၊ တပ်ကုန်း-ကျောက်ဆည်ခရိုင် ချင်းဆက်လမ်းပေါ်ရှိ နန်းလုံကျေးရွာ နဲ့ ကျည်စုကျေးရွာကြားမှာ ပင်လောင်းမြို့နယ်ဘက်မှ ဆာလာအိတ်တွေ တင်ဆောင်လာတဲ့ ဆိုင်ကယ် ၃ စီးကို စစ်ဆေးရှာဖွေဖို့ တားဆီးတဲ့အခါ ရပ်တန့်ပေးခြင်း မရှိတာကြောင့် လိုက်လံ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဖမ်းဆီးရာမှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လူဖဲခြမ်း ကျေးရွာနေတဲ့ ခွန်လိမ္မာ ကို ဆိုင်ကယ် ၃ စီးနဲ့အတူ ဖမ်းမိခဲ့ပြီး အဲဒီဆိုင်ကယ်တွေပေါ်မှာ တင်ဆောင်ထားတဲ့ ဆာလာအိတ်တွေထဲက ဆာလာအိတ် ၆ အိတ်အတွင်းမှ ငွေကျပ် ၃ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား အပြား နှစ်သန်း ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိသူကို ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ နယ်မြေ ရဲစခန်းကို စနစ်တကျ လွှဲပြောင်း အပ်နှံပြီး အမှုဖွင့် ဆောင်ရွက်ထားရှိကာ ဆက်စပ် ကျူးလွန်သူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေပြီး လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံး ပျက်စီးစေတဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို အလုံးစုံပပျောက်ကင်းရှင်းစေဖို့အတွက် အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် တားဆီး နှိမ်နင်းတိုက်ဖျက်ရေးလုပ်ငန်းတွေကို နိုင်ငံအတွင်းရှိ ရနိုင်သမျှသော စွမ်းအားစု၊ အရင်းအမြစ် တွေ အသုံးပြုပြီး ပြည်သူလူထုနဲ့ပူးပေါင်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်နေတဲ့အပြင် ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။




