တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၅ သိန်း ချက်လုပ်နိုင်မဲ့ သန်လျင်ရေနံချက်စက်ရုံသစ်ကြီး ပထမအဆင့်ကို မကြာမီ စတင်လည်ပတ်နိုင်တော့မှာ ဖြစ်တယ်လို့ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ အမှတ်(၁)ရေနံချက်စက်ရုံ(သန်လျင်) မှာ ကျင်းပတဲ့ စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတု၊ သန်လျင်ရေနံချက်စက်ရုံရာပြည့်နဲ့ စွမ်းအင် ပြတိုက်ဖွင့်ပွဲ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာပါ။ဆက်လက်ပြီးတော့လည်း ဒုတိယအဆင့်အနေနဲ့ တစ်နှစ်ကို ရေနံစိမ်းတန်ချိန် ၃ သန်း ချက်လုပ်နိုင်မဲ့ စက်ရုံကို ဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်ကြမ်းရရှိမှုနည်းပါးတာ၊ ထုတ်လုပ်တဲ့စက်သုံးဆီ အရည်အသွေး မပြည့်မီတာတွေကြောင့် သန်လျင်ရေနံချက် စက်ရုံကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး ရေနံချက်တဲ့လုပ်ငန်းတွေ ရပ်နားထားခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။နိုင်ငံရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့အရင်းအမြစ်တွေကို စနစ်တကျ ရှာဖွေဖော်ထုတ် အသုံးပြုဖို့အတွက် မိတ်ဆွေ နိုင်ငံတွေက ရေနံကုမ္ပဏီကြီးတွေအပြင် ပြည်တွင်းတိုင်းရင်းသားလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံ ဆောင်ရွက်သွားကြဖို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ပါတယ်။စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေရေးမှာ AI နည်းပညာအသုံးပြုနိုင်ရေး၊ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနဲ့ နိုင်ငံတော်အတွက် စွမ်းအင်ဖူလုံမှုမှသည် စွမ်းအင်အမှီအခိုကင်းရေးအထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားဖို့လည်း မှာကြားခဲ့တယ်လို့ သိရပါတယ်။




