အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အခြေချလုပ်ကိုင်ခဲ့ကြတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေက တရားမဝင်အဆောက်အအုံ ၇၇လုံးအနက် ဇွန်လ၆ရက်အထိ ၃၉လုံးကို စနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ရွှေကုက္ကိုလ်နယ်မြေက တရားမဝင်အဆောက်အအုံ ၇၇လုံးအနက် ယာဉ်၊ ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးမဲ့ အဆောက်အအုံ ၅၇လုံး၊ ဖောက်ခွဲဖျက်ဆီးမဲ့ အဆောက်အအုံအလုံး၂၀ဆိုပြီး အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စနစ်တကျဖြိုချဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ဇွန်လ၆ရက်မှာတော့ အဆောက်အအုံ၃လုံးကို ယာဉ်၊ ယန္တရားတွေနဲ့ စနစ်တကျထပ်မံဖြိုချဖျက်ဆီးခဲ့တာကြောင့် စုစုပေါင်း အဆောက်အအုံ၃၉လုံးကို ဖြိုချဖျက်ဆီးပြီးဖြစ်သလို ကျန်တဲ့ အဆောက်အအုံ၃၈လုံးကိုလည်း ဆက်လက်ဖျက်စီးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုတွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။




