အစ္စရေးစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာဖော်ပြပါတယ်။ လက်ဘနွန်စစ်တပ်က အစ္စရေးရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဇွန်လ ၆ ရက်နေ့မှာ အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ သေဆုံးသူတွေဟာ ဗိုလ်မှူးချုပ်တစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်သားတစ်ဦးတို့ ဖြစ်တယ်လို့လည်း လက်ဘနွန်စစ်တပ်ကကြေညာပါတယ်။

အစ္စရေးစစ်တပ်ကလည်း လက်ဘနွန်တောင်ပိုင်းမှာ လက်ဘနွန်စစ်သားတွေ လိုက်ပါလာတဲ့ ကားတစ်စီးကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။ အဲဒီဒေသကို ရောက်ရှိနေတဲ့ အစ္စရေး စစ်သားတွေဆီကို သံသယဖြစ်စရာ ကောင်းလောက်အောင် တရကြမ်းချဉ်းကပ်လာတဲ့အတွက် ပစ်ခတ်တားဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံတွေကတော့ ဇွန်လ ၆ ရက်နေ့ ဖြစ်စဉ်မှာ ပစ်ခတ်သံတွေ ကြားခဲ့ရကြောင်း ပြောပါတယ်။ အစ္စရေးဟာ အီရန်မဟာမိတ် ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေကို တိုက်ခိုက်ဖို့ လက်ဘနွန်တောင်ပိုင်းကို ဝင်ရောက်နေတာဖြစ်ပြီး လက်ဘနွန်အစိုးရနဲ့တော့ တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမှုမရှိပါဘူး။ဇွန်လ ၇ ရက်နေ့မှာတော့ အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်း အခြေစိုက် ဟစ်ဇ်ဘိုလာတွေရဲ့ အခြေခံ အဆောက်အအုံတွေ၊ လက်နက်သိုလှောင်ရုံတွေ၊ ကွပ်ကဲရေးစခန်းတွေ စုစုပေါင်း ပစ်မှတ် ၁၅၀ လောက်ကို ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ပါတယ်။




