မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ရှိ မြနန္ဒာဈေးအဆင့်မြှင့်တင်ဖို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ ရန်ပုံငွေလျာထားတာမရှိဘူးလို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်းက ပြောပါတယ်။ဇွန်လ၅ရက်က ကျင်းပတဲ့ တတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဒုတိယနေ့မှာ အောင်လံမဲဆန္ဒနယ်အမှတ်၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်မေးမြန်းတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားရာမှာ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်းက အခုလိုပြန်လည်ဖြေကြားလိုက်တာပါ။

အောင်လံမြို့ဟာ ခရိုင်မြို့ဖြစ်လာတဲ့အတွက် မြို့အင်္ဂါရပ်နဲ့အညီ တင့်တယ်စေရေး နှစ်ပေါင်း၄၂နှစ်ရှိလာပြီဖြစ်တဲ့ မြနန္ဒာဈေးကို အဆင့်မြှင့်တင်ပေးစေလိုတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချိန်က ပြောပါတယ်။မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကြည်ထွန်းကအဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားရာမှာ မြနန္ဒာဈေးကို အဆင့်မြှင့်တင်မယ်ဆိုရင် စတီးအဆောက်အအုံ ၈ပေ ၅ပေ တစ်ခန်းကို ငွေကျပ်ခြောက်သန်းကုန်ကျမှာဖြစ်ပြီး ပေ၇၀ ပေ၄၀ ၄၈ခန်းပါတဲ့ ဈေးရုံတစ်ရုံကို ငွေကျပ်၂၈၈သန်းကုန်ကျမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲဒါကြောင့် စျေးရုံ ၉ ရုံရှိ အခန်း၄၀၃ ခန်းကို ငွေကျပ်၂၅၉၂ သန်း ကုန်ကျမှာဖြစ်တဲ့အတွက်၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ လျာထားရန်ပုံငွေမရှိဘူးလို့ ပြောပါတယ်။လျာထားရန်ပုံငွေမရှိတာကြောင့် စျေးသူစျေးသားတွေအနေနဲ့ မိမိအစီအစဥ်နဲ့ အကုန်အကျခံ စည်းရုံးဆောင်ရွက်သွားဖို့နဲ့ အဲဒီလို မိမိအစီအစဉ်နဲ့ဆောင်ရွက်ဖို့ အခက်အခဲရှိရင် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်မှာ ထည့်သွင်းလျာထားသွားမယ်လို့ ဦးကြည်ထွန်းက ပြန်လည်ဖြေကြားပါတယ်။


