တပ်မတော်ကို သမာရိုးကျ စစ်ဆင်နွှဲနိုင်တဲ့ တိုက်စွမ်းရည်နဲ့တိုက်စွမ်းအားရှိတဲ့ ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် ရည်မှန်းချက်ထား ဖွဲစည်းတည်ဆောက်နိုင်ရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။မတ်လ ၃၀ ရက်က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့ မြန်မာ့တပ်မတော်ရဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အဖြစ် တာဝန်လွဲပြောင်းပေးအပ်လက်ခံတဲ့ ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားမှာ ပြောကြားခဲ့တာပါ။

တပ်မတော်အနေနဲ့ ခေတ်အဆက်ဆက်မှာ ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေး တာဝန်အဖြစ် ခံယူထားပြီး နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားဖြစ်တဲ့ ဒိုတာဝန်အရေး (၃)ပါးကို ဆက်လက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောပါတယ်။ဒါ့အပြင် နိုင်ငံတော်က အတည်ပြုပြဋ္ဌာန်းထားတဲ့ ဖွဲစည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်ကို ကာကွယ်စောင့်ရှောက် သွားမှာဖြစ်သလို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ” အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပြည်ထောင်စု မပြိုကွဲ ရေး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ် စောင့်ရှောက်ဖို့၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို စောင့်ရှောက်ဖို့ ” တာဝန်ပေးထားတဲ့ အတွက် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းထမ်းဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။

နိုင်ငံတော်အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ဆက်လက်လျှောက်လှမ်းနိုင်ရေးအတွက် တာဝန်တွေကို ထမ်းဆောင်သွားမှာဖြစ်ပြီး နိုင်ငံတော်အစိုးရရဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပြောပါတယ်။ဆက်လက်ပြီး နိုင်ငံတော်နဲ့ ခေါင်းဆောင်အဆက်ဆက်က အမြော်အမြင်ရှိရှိ ချမှတ်ခဲ့တဲ့ “ မွန်မြတ်သည့် လက်ဆင့်ကမ်းအမွေကို ထိန်းသိမ်းပြီး တပ်မတော်နှင့် နိုင်ငံ့ဂုဏ်ကို ဆက်လက် မြှင့်တင်သွားကြရန်” ဆိုတဲ့ တိုက်တွန်းမှာ ကြားမှုကို အလေးအနက်ထား လိုက်နာဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တပ်မတော်ရဲ့ ကောင်းမြတ်တဲ့သမိုင်း အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းပြီး နိုင်ငံတော်က အားထားရတဲ့ တပ်မတော်၊ ပြည်သူလူထုက အားကိုးရတဲ့ တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမှာကို အလေး အနက်ထား ပြောကြားလိုပါတယ်။ဒါ့အပြင် အခုလို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ယုံကြည်စွာ တာဝန်ပေးအပ်ခဲ့တဲ့ တပ်မတော်အကြီး အကဲတွေကို အထူးပင် ကျေးဇူးတင်ရှိပြီး အထက်အကြီးအကဲတွေရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်စွာ နိုင်ငံတော်အကျိုး တပ်မတော်အကျိုးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) အဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဦးတို့က တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။




