မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ ကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေအနေနဲ့ ဒေသတွင်းလုံခြုံရေးအခြေအနေကို ဂရုပြုကြပြီး လုံခြုံရေးအစီအမံတွေမြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုတွေလုပ်ဆောင်ထားဖို့တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာလင်ကျန်းကပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကသတင်းထုတ်ပြန်ပါတယ်။
မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး Bloomberg သတင်းဌာနက မေးမြန်းရာမှာ အခုလိုပြန်လည်ဖြေကြားလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အလားတူကိစ္စရပ်တွေ ထပ်မံမဖြစ်ပွားဖို့အတွက် မြန်မာနိုင်ငံရှိ တရုတ်သံရုံးနဲ့ကောင်စစ်ဝန်ချုပ်ရုံးတွေ၊ အဖွဲ့အစည်းတွေ၊ စီမံကိန်းတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင်လုပ်ဆောင်ဖို့ တိုက်တွန်းထားသလို မြန်မာနိုင်ငံဘက်ကလည်းအဲဒီကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းမှုဖြစ်ရပြီး လိုအပ်တဲ့အစီအမံတွေကိုလုပ်ဆောင်ပြီးဖြစ်တယ်လို့ မစ္စတာလင်ကျန်းကပြောပါတယ်။
အောက်တိုဘာ ၁၈ ရက်၊ ညနေ ၄ နာရီခွဲဝန်းကျင်က မန္တလေးမြို့ မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး နှစ်ထပ်ဆောင်ခေါင်မိုးမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ခေါင်မိုးရေတလျှောက် အနီးရှိအုတ်ကြွပ်အမိုး ၂ ပေလောက်ပျက်စီးမှုဖြစ်ပေါ်ခဲ့ကာ လူနဲ့တခြား ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူးလို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပြီးဖြစ်ပါတယ်။