ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးမှုတွေကို ပိတ်ဆို့တားဆီးမှုမရှိဘဲလုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသန်းဆွေကပြောကြားလိုက်ပါတယ်။
အောက် တိုဘာ ၈ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်း စာနာမှုဆိုင်ရာယာယီညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာပါ။
နိုင်ငံတော်အစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီအမှန်တကယ်လိုအပ်နေသူတွေဆီကို ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက်အလေးထားသလို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခရီးသွားလာရေးအတွက် လုံခြုံရေးကိစ္စကိုလည်း အလေးထားစီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ မြန်မာနိုင်ငံ အခြေအနေမှန်တွေကို သမာသမတ်ကျကျဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းကို အသိပေးစေလိုတယ်လို့လည်း ဦးသန်းဆွေကပြောကြားခဲ့ပါတယ်။