မြန်မာနဲ့လာအို နှစ်နိုင်ငံအလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာနဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေသိရပါတယ်။
အောက်တိုဘာ ၂၂ ရက် က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့မှာ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်နဲ့ လာအိုနိုင်ငံဝန်ကြီးချုပ် Mr. Sonexay Siphandone တို့တွေ့ဆုံပြီး အလုပ်သမားရေးရာကိစ္စရပ်တွေကိုဆွေးနွေးခဲ့တာပါ။
တွေ့ဆုံစဉ် မြန်မာနဲ့လာအိုနှစ်နိုင်ငံ ကတိကဝတ်နဲ့ ပုံမှန်အလုပ်သမားတွေ ရွှေ့ပြောင်းသွားလာဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းကာ နယ်စပ်ဖြတ်ကျော်အလုပ်သမားတွေရဲ့ အထောက်အထားထုတ်ပေးနိုင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ရေးနဲ့ ဒေသတွင်းအလုပ်သမားရေးရာနဲ့ပတ်သက်တာတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနဲ့ နှစ်နိုင်ငံအကြား လုပ်သားရွှေ့ပြောင်းသွားလာမှုနဲ့ ပတ်သက်ပြီးလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ အထောက်အကူပြုစေမယ့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိမှာတော့ လာအိုနိုင်ငံမှာ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားဦးရေ ထောင်နဲ့ချီရှိနိုင်ပြီး စက်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနဲ့ ဟိုတယ်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတာဖြစ်တယ်လို့ လာအိုနိုင်ငံမှာသွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေဆီကသိရပါတယ်။