၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃၂ လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှု ကျပ်ဘီလီယံ ၃၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဥက္ကဋ္ဌ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။
အောက်တိုဘာလ ၉ ရက် ကကျင်းပပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ပမာဏဟာ နိုင်ငံတော်ရဲ့ကုန်သွယ်မှုကဏ္ဍနဲ့ကြည့်ရင် အနည်းငယ်သာရှိပြီး ဖမ်းဆီးရမိမှုကိုကြည့်မယ်ဆိုရင်တရားမဝင်ကုန်သွယ်မှုတွေကို တိုးမြှင့်ဖမ်းဆီးရရှိနိုင်ဖို့ အလေးထားဆောင်ရွက်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လနဲ့ဩဂုတ်လအတွင်းဖမ်းဆီးရရှိမှုတွေမှာ အကောက်ခွန်ဦးစီး ဌာနက အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ဖမ်းဆီးရမိမှုအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တွေက အများဆုံးဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
ကုန်ပစ္စည်းအုပ်စုအလိုက်ဖမ်းဆီးရရှိမှုတွေကိုစိစစ်ရာမှာ လိုင်စင်မဲ့ယာဉ်နဲ့တရားမဝင်ကုန်စည်တင်ယာဉ် ဖမ်းဆီးရရှိမှုတွေကအများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းတွေဖြစ်ကာ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတွေ ဖြစ်တယ်လို့သိရပါတယ်။