ပြည်ပကနေ လက်ခစားကုန်အပ်စနစ်နဲ့ အထည်အမှာစာ အသစ်ရရှိမှုက အခုလထဲမှာ ပြန်လည်ကျဆင်း လာတယ်လို အထည်ချုပ်လုပ်ငန်းအသိုင်းအဝိုင်းက သိရပါတယ်။ အခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း ပြည်ပကို အထည်ချုပ်တင်ပိုမှုက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကာလတူနဲ့ နှိင်းယှဉ်ရင် ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ရာကနေ အခုလပိုင်းမှာ အမှာစာသစ်ရရှိမှု ပြန်လည်ကျဆင်းလာတာဖြစ်တယ်လို အထည်ချုပ်လုပ်ငန်းရှင် ဒေါက်တာခင်မောင်အေး ပြောပါတယ်။
အခုအောက်တိုဘာနဲ့နိုဝင်ဘာလတွေအတွက် အထည် အမှာစာ ရရှိမှု ကျဆင်းနေပြီး ဒီဇင်ဘာလောက်မှာတော့ ပြန်တက်လာနိုင်ဖွယ်ရှိတယ်လို ဆိုပါတယ်။

အထည်ချုပ်လုပ်သားတွေကို လုပ်ခလစာတွေ တိုးပေးထားသလို သင်တန်းတွေပေးကာ လုပ်ငန်းခွင်တွေမှာ ပြန်ခန့်တာတွေရှိတာကြောင့် လုပ်သားရှားပါးတဲ့ပြဿနာကိုလည်း အထိုက်အလျှောက် ဖြေရှင်းထားနိုင်ပြီဖြစ်တယ်လို အထည်ချုပ်လုပ်ငန်းတွေဆီက သိရပါတယ်။

လက်ရှိမှာ အနွေးထည်၊ တီရှပ်နဲ့ဂျာကင် အထည်အမျိုးအစားတွေအတွက် အမှာစာသစ်တွေ ကျဆင်း နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံက အထည်ချုပ်လုပ်ငန်းတွေဟာ လက်ခစား ကုန်အပ်စနစ် လုပ်ငန်းတွေ ဆောင်ရွက်နေတာပါ။

လက်ခစားကုန်အပ်စနစ်ဆိုတာ ပြည်ပကနေတင်သွင်းတဲ့ ကုန်ကြမ်းပစ္စည်းတွေကို ပြည်တွင်းမှာ ဖြတ်တောက်တာ၊ ချုပ်လုပ်တာ၊ ပြန်လည်ပြင်ဆင်တာ စတဲ့ ပြန်လည်ပြင်ဆင်တဲ့ နည်းလမ်းတစ်မျိုးမျိုးနဲ့ ကုန်ကြမ်းပစ္စည်းတွေကို ကုန်ချောအဖြစ် ထုတ်လုပ်ပါတယ်။ အဲဒီနောက် ကုန်ချောတွေကို ထုပ်ပိုးကာ ပြည်ပကို ပြန်လည်တင်ပိုပြီး လက်ခရယူဆောင်ရွက်တဲ့စနစ် ဖြစ်ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် စက်ရုံပေါင်း ၅၀၀ ကျော်ရှိပြီး ၆၀ ရာခိုင်နှုန်းက ဥရောပဈေးကွက်၊ ၂၀ ရာခိုင်နှုန်းက ဂျပန်ဈေးကွက်နဲ့ ကျန် ၂၀ ရာခိုင်နှုန်းက တခြားဈေးကွက်တွေကို တင်ပိုနေတာ ဖြစ်တယ်လို သိရပါတယ်။ လာမဲ့ ၁၀ စုနှစ်အတွင်း မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ လုပ်သားအင်အား ၁ ဒသမ ၂ သန်း ကနေ ၁ ဒသမ ၆ သန်းအထိ ခန့်ထားပြီး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိတဲ့ လုပ်ငန်းအဖြစ် ကြီးထွားလာမယ်လို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း ( MGMA)ရဲ့ ၁၀ နှစ်တာ မဟာဗျူဟာအစီအစဉ် ( ၂၀၂၅-၂၀၃၄ )မှာ ဖော်ပြထားပါတယ်။




