ရန်ကုန်တိုင်းဒေသကြီးအတွင်း ပါဝါအိတ်ဇောတပ်ဆင်ထားတဲ့ မော်တော်ယာဉ်တွေကို ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ် ချမှတ်ပြီး အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီက အသိပေး နှိုးဆော်ချက် ထုတ်ပြန်လိုက်ပါတယ်။ယာဉ်စည်းကမ်း ထိန်းသိမ်းကြီးကြပ်ရေး ပူးပေါင်းအဖွဲ့တွေက ၂၀၂၅ ခုနှစ်၊ ဇွန်လကနေ နိုဝင်ဘာလလယ်ထိ ပါဝါ အိတ်ဇော တပ်ဆင်ထားတဲ့ ပြိုင်ကား (၇)စီး၊ လူစီးယာဉ် (၇၁)စီး၊ မော်တော်ဆိုင်ကယ် (၂)စီး စုစုပေါင်း အစီး(၈၀) ကို ဖမ်းဆီး၊ ဒဏ်ရိုက်၊ လိုင်စင်ပိတ်သိမ်း ပညာပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

လာမဲ့ ဒီဇင်ဘာလကစပြီး ဖမ်းဆီးရမိတဲ့ ပါဝါအိတ်ဇောတပ် မော်တော်ယာဉ်တွေကို ဥပဒေအတိုင်း ထောင်ဒဏ်၊ ငွေဒဏ်ချမှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအပြင် ပါဝါအိတ်ဇော ရောင်းချ တဲ့ ဆိုင်တွေ၊ ပါဝါအိတ်ဇောတပ်ဆင်ပေးတဲ့ ဝပ်ရှော့တွေအနေနဲ့လည်း သက်ဆိုင်ရာဌာနတွေရဲ့ ဥပဒေအရ ပြင်းပြင်းထန်ထန် အရေးယူခံရမှာ ဖြစ်တယ်လို့ နှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။အခုထုတ်ပြန်ထားတဲ့ အချက်တွေကို လိုက်နာမှု မရှိဘဲ ဖောက်ဖျက်ကျူးလွန်ရင် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့လည်း ကြိုတင်အသိပေး နှိုးဆော်ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူသွားလာတဲ့ လမ်းတွေပေါ်မှာ ပါဝါအိတ်ဇော တပ်ဆင်ထားတဲ့ အိမ်စီး ကား၊ ပြိုင်ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေနဲ့ မောင်းနှင်သွားလာနေကြောင်း စစ်ဆေးတွေ့ရှိရင် တည်ဆဲဥပဒေ အရ ပြစ်မှုကျူးလွန်သူကို တစ်လထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ်တစ်သိန်းထက် မပိုတဲ့ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ၊ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ရင် ပြစ်မှုကျူးလွန်သူကို သုံးလထက် မပိုတဲ့ ထောင်ဒဏ်၊ ကျပ်သုံးသိန်း ထက် မပိုတဲ့ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ပြစ်ဒဏ်ချမှတ်ခံရမှာ ဖြစ်တယ်လို့ အသိပေးနှိုးဆော်ချက် ထုတ်ပြန် ထားပြီး ဖြစ်ပါတယ်။




