ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်မှာ နိုဝင်ဘာလ ၈ ရက် ညပိုင်းက ငွေကျပ် ၇ ဘီလီယံခွဲ တန်ဖိုးရှိ စိတ်ကြွဆေး ပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ နိုဝင်ဘာ ၈ ရက်၊ ည ၁၁ နာရီအချိန်လောက်က ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးမှာ မှိုင်းဆွေ မောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးကို သတင်းအရ ရှာဖွေခဲ့ရာ ယာဉ်ပေါ်ကနေ ကာလတန်ဖိုး ငွေကျပ် ၇ ဘီလီယံခွဲတန်ဖိုးရှိတဲ့ စိတ်ကြွဆေးပြား ၅ သန်း ဖမ်းဆီးရမိခဲ့တာ ဖြစ် ပါတယ်။

စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိတဲ့ စိတ်ကြွဆေးပြားတွေကို မန္တလေးမြို့ကနေ ကရင်ပြည်နယ်၊ ဘားအံမြို့ကို သယ်ဆောင်ရောင်းဝယ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်၊၊လက်ရှိမှာတော့ ဖမ်းဆီးရမိသူ မှိုင်းဆွေ ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်၊၊




