နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပနေတဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက မဲရုံတွေကို ဇန်နဝါရီ၂၅ရက် မနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး မဲဆန္ဒရှင်ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပါတယ်။
မဲဆန္ဒရှင် ပြည်သူတွေ ဆန္ဒမဲတွေပေးနေမှုတွေကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ကော်မရှင် အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ အဖွဲ့ဝင်တွေ လိုက်ပါပြီးတော့ မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မဲရုံတွေကို သွားရောက် ကြည့်ရှုအားပေးတာပါ။

အခုလို ကြည့်ရှုအားပေးရာမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သက်ဆိုင်ရာ မဲရုံတွေအလိုက် မဲရုံ တာဝန်ရှိသူတွေရဲ့ မဲစာရင်းတွေ တိုက်ဆိုင်စစ်ဆေးပေးနေမှုနဲ့ မဲဆန္ဒရှင် ပြည်သူတွေရဲ့ တက်ကြွစွာ ပါဝင်ဆန္ဒမဲ ပေးနေမှုတွေကို လိုက်လံကြည့်ရှုပြီး မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲပေးရတဲ့အခြေအနေတွေ၊ မဲရုံဝန်ထမ်းတွေရဲ့ တာဝန်ထမ်းဆောင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ရင်းရင်းနှီးနှီး မေးမြန်းဆွေးနွေးခဲ့ပြီး မဲဆန္ဒရှင် ပြည်သူတွေကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။
ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲဟာ အရေးကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင် ပြည်သူတွေ အနေနဲ့ မိမိတို့ရဲ့ နိုင်ငံသား အခွင့်အရေးဖြစ်တဲ့ မဲပေးပိုင်ခွင့်ကို အသုံးချပြီး နိုင်ငံရဲ့ အနာဂတ်လမ်းကြောင်း ရွေးချယ်ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ မဲရုံတွေအလိုက် ဖိအားတစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိတို့ရဲ့ လွတ်လပ်တဲ့ သဘောထားဆန္ဒတွေအလျောက် တက်တက်ကြွကြွ စည်းကမ်းရှိရှိ နိုင်ငံကြီးသားပီသစွာနဲ့ တစ်ခဲနက် ဆန္ဒမဲပေးခဲ့ကြတယ်လို့ သိရပါတယ်။




