ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်းက ရပ်ကွက်နဲ့ကျေးရွာအုပ်စု ( ၁၅)အုပ်စုတို့မှာ မဲရုံစုစုပေါင်း( ၁၀၃)ရုံဖွင့်လှစ် ပေးထားပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကလည်း ( ၁၆၉၇၀၀) ယောက်ရှိတယ်လို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကနေသိရပါတယ်။
ဇန်နဝါရီလ(၂၅)ရက်၊ မနက်(၆)နာရီအချိန်ကစတင်ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိ တဲ့ပြည်သူတွေဟာ မဲရုံအသီးသီးမှာ လွတ်လပ်စွာဆန္ဒမဲလာရောက်ပေးကြပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေဟာ မနက်(၆)နာရီမတိုင်မီအချိန်ကထဲက ဆန္ဒမဲပေးနိုင်ဖို့အတွက် သက်ဆိုင်ရာမဲရုံအသီးသီး မှာစနစ်တကျ လာရောက်တန်းစီစောင့်ဆိုင်းကြပြီး မဲရုံစတင်ဖွင့်လှစ်ချိန်မှာတော့ အေးချမ်းစွာနဲ့ဆန္ဒမဲပေးကြ ပါတယ်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်းခွဲပြီး ကျင်းပပြုလုပ်နေရာ အပိုင်း(၁)ကို မြို့နယ် ၁၀၂ မြို့နယ်မှာ ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကစတင် ကျင်းပခဲ့သလို အပိုင်း(၂)ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က မြို့နယ် ၁၀၀ မှာ ကျင်းပခဲ့ပြီး အခုအပိုင်း(၃)ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ်ပေါင်း (၆၁) မြို့နယ်မှာ ဆက်လက်ကျင်းပနေတာဖြစ်ပါတယ်။
အခုကျင်းပနေတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)မှာ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်(၁၇)မြို့နယ်အထိပါဝင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။




