တိုင်းရင်းသားလူမျိုးများ (၂၀၀) ကျပ်တန် (၈) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို လာ မယ့် အောက်တိုဘာ ၂၀ ရက်မှာ စတင်ပြီး စာတိုက်ကြီးတွေမှာ ရောင်းချပေးသွားမယ်လို့ မြန်မာ့စာတိုက်လုပ်ငန်းက ထုတ်ပြန်ပါတယ်။

တိုင်းရင်းသားလူမျိုးတွေအလိုက် ထုတ်ဝေခဲ့ပြီးတဲ့ တံဆိပ်ခေါင်းတွေကို တံဆိပ်ခေါင်း စုဆောင်းသူ ဝါသနာရှင်တွေ တစ်စုတစ်စည်းတည်း စုဆောင်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလို စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးတာလို့ ဆိုပါတယ်။

စာပို့တံဆိပ်ခေါင်းသစ်ကိုတော့ အောက်တိုဘာ ၂၀ ရက်၊ မနက် (၉) နာရီခွဲအချိန်ကစပြီး နေပြည်တော် ဗဟို စာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေး စာတိုက်ကြီးတို့ နဲ့ တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေရှိ စာတိုက်ကြီးတွေ မှာ တစ်ပြိုင်တည်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

အထူးအစီအစဉ်တစ်ရပ်အနေနဲ့ နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နဲ့ မန္တလေးစာတိုက်ကြီးတို့မှာ အောက်တိုဘာ ၂၀ ရက်မှာ လာရောက်ဝယ်ယူတဲ့ စာပို့တံဆိပ်ခေါင်းပေါ်မှာ နေ့စွဲအမှတ်အသား တံဆိပ် ရိုက်နှိပ်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မြန်မာ့လိပ်ပြာမျိုးစိတ် ၂၀၀ ကျပ်တန် (၁၁) လုံးပါ Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးကို စတင်ရောင်းချပေးခဲ့ပါသေးတယ်။




