ဒီဇင်ဘာရုံးပိတ်ရက်ကာလအတွင်းမှာ ခရီးသွားပြည်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာခရီးသွား လာနိုင်ဖို့အတွက် ရန်ကုန်-နေပြည်တော်၊ နေပြည်တော်-ရန်ကုန် ခရီးစဉ်တွေကို ပုံမှန်ရထားတွေအပြင် DEMU အဆန်/အစုန် အထူးရထားတွေနဲ့ တိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာနမြန်မာ့မီးရထားကနေ သိရပါတယ်။

အဲဒီတိုးချဲ့ပြေးဆွဲပေးသွားမယ့်ရထားတွေဟာ ခေတ်မီလေအေးပေးစက်ပါ DEMU(စပိန်)တွဲဆိုင်းသစ်တွေဖြစ်ပြီး ရထားလက်မှတ်ခနှုန်းထားနဲ့ ရပ်တန့်မယ့်ဘူတာတွေအနေနဲ့ နေစဉ်ပုံမှန်ပြေးဆွဲပေးနေတဲ့ DEMU ရထားခရီး စဉ်ဘူတာတွေအတိုင်း ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒီဇင်ဘာ(၁၉)ရက်မှာပြေးဆွဲပေးမယ့် DEMU(စပိန်)အဆန်အထူးရထားက ရန်ကုန်ကနေ မနက်(၆)နာရီခွဲ စတင်ထွက်ခွါမှာဖြစ်ပြီး နေပြည်တော်ဘူတာကို နေ့လယ်(၁၂)နာရီအချိန်မှာရောက်ရှိမှာဖြစ်ကာ DEMU(စပိန်) အစုန် အထူးရထားကတော့ နေပြည်တော်ကနေ နေ့လယ်(၁၂)နာရီခွဲအချိန်မှာစတင်ထွက်ခွါပြီး ရန်ကုန်ကို ည(၆)နာရီမှာရောက်ရှိမှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဒီဇင်ဘာ(၂၁)ရက်မှာပြေးဆွဲမယ့် DEMU(စပိန်)အဆန် အထူးရထားကလည်း ရန်ကုန်ကနေ မနက်(၆) နာရီခွဲ စတင်ထွက်ခွါပြီး နေပြည်တော်ဘူတာကို နေ့လယ်(၁၂)နာရီမှာရောက်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်။ရထားလက်မှတ်တွေကိုတော့ သွားရောက်လိုတဲ့ ခရီးစဉ်တွေအတိုင်း ငါးရက်ကြိုတင်ပြီး တယ်လီဖုန်းနဲ့မှာယူ လို့ရနိုင်သလို သက်ဆိုင်ရာဘူတာတွေမှာလည်း အထက်တန်းလက်မှတ်ကို (၃)ရက်နဲ့ ရိုးရိုးတန်းလက်မှတ်ကို တစ်ရက်ကြိုတင်ကာ ဝယ်ယူနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် MMQRစနစ်နဲ့ အွန်လိုင်းကနေငွေပေးချေပြီး လက်မှတ်ဝယ်ယူလို့ရတယ်လို့လည်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားရဲ့ ထုတ်ပြန်ချက် အရသိရပါတယ်။




