လာမဲ့ပြည်ထောင်စုနေ့နဲ့ တရုတ်နှစ်သစ်ကူး ပိတ်ရက်ရှည်ကာလမှာ ဧရာဝတီတိုင်းဒေသကြီးက ငွေဆောင်၊ ချောင်းသာ ကမ်းခြေအပါအဝင် အပန်းဖြေစခန်းတွေမှာ အပန်းဖြေအနားယူဖို့ ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ ရာခိုင် နှုန်း ၉၀ နီးပါး ပြည့်နေပြီဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။

အများပြည်သူ ပိတ်ရက်ရှည်ဖြစ်တဲ့ လာမဲ့ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)ကနေ တရုတ်နှစ်သစ်ကူး ပိတ် ရက်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်အထိ ခြောက်ရက်တာအတွင်း ငွေဆောင်၊ ချောင်းသာ၊ ရွှေသောင်ယံနဲ့ ဂေါ်ရန်ဂျီ ကမ်းခြေက ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ တည်းခိုနေထိုင်ဖို့ ကြိုတင်ဘိုကင် တင်ထားကြတာ ဖြစ်တယ်လို့ ဆို ပါတယ်။လာမဲ့ဖေဖော်ဝါရီလ ပိတ်ရက်ရှည်မှာ ခရီးသွားများလာမှာ ဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းအပါအဝင် ဒေသခံ တွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်လာမှာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုင်ငံတကာနှစ်သစ်ကူး ပိတ်ရက်ကာလ ဇန်နဝါရီ ၁ ရက်ကနေ ၄ ရက်အထိ ပင်လယ်ကမ်းခြေ အပန်းဖြေ စခန်းတွေကို ပြည်တွင်း/ပြည်ပ ခရီးသွား ၂၂၀၀၀ ကျော် ဝင်ရောက်ခဲ့ပြီး နိုင်ငံပေါင်း ၁၃ နိုင်ငံက နိုင်ငံခြားသား ဝင် ရောက်ခဲ့ကာ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က ခရီးသွားတွေ အများဆုံး ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။ဧရာဝတီတိုင်းဒေသကြီးရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေမှာ ပြည်တွင်း/ပြည်ပ ခရီးသွားတွေ တည်းခိုအ နားယူနိုင်ဖို့ ငွေဆောင်ကမ်းခြေမှာ ဟိုတယ် ၃၈ လုံး၊ တည်းခိုခန်း အလုံး ၇၀ ၊ ချောင်းသာကမ်းခြေမှာ ဟိုတယ်နဲ့ တည်းခိုရိပ်သာ ၃၂ လုံး၊ တည်းခိုခန်း ၅၅ လုံး၊ ရွှေသောင်ယံကမ်းခြေမှာ ဟိုတယ် ၆ လုံး၊ တည်းခိုခန်း ၃ လုံးနဲ့ ပုသိမ်မြို့နဲ့ အခြားဒေသတွေမှာ ဟိုတယ်နဲ့တည်းခိုရိပ်သာ ၄၉ လုံး၊ တည်းခိုခန်း ၃၁၅ လုံး ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။




