အမေရိကန်အခြေစိုက် BKFC ကိုယ်ခံပညာအဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပူးပေါင်းပြီး BKFC လက်ဝှေ့ပြိုင်ပွဲတွေကို ကျင်းပသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကနေ သိရပါတယ်။ BKFC လက်ဝှေ့ပြိုင်ပွဲတွေ ကျင်းပရေးနဲ့ ပတ်သက်ပြီး ရိုးရာလက်ဝှေ့လောကသားတွေနဲ့ ပြုလုပ်တဲ့ Seminar ကို စက်တင်ဘာလ ၂၅ ရက်နေ့က မနက်ပိုင်းက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ Sky Star Hotelမှာ ကျင်းပခဲ့တာပါ။

အခုလိုပူးပေါင်းဆောင်ရွက်ရတာဟာ မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာကသိစေဖို့၊ ကမ္ဘာ့စျေးကွက်ဝင် အားကစား နည်းဖြစ်စေဖို့၊ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတွေ နိုင်ငံတကာ အဆင့်မီပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့၊ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတွေ မိမိကျွမ်းကျင်တဲ့ ကိုယ်ခံပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။ကျင်းပမဲ့ BKFC လက်ဝှေ့ပြိုင်ပွဲတွေမှာ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ Core Principle တွေဖြစ်တဲ့ စနစ် (၄) ခုထဲက ဗလာလက်သီးနဲ့ ထိုးသတ်ခြင်းနဲ့ ခေါင်းနဲ့ တိုက်ခိုက်ခြင်းဆိုတဲ့ အနောက်နိုင်ငံတွေနဲ့စိမ်းတဲ့ စနစ် (၂) ခုကို ပြည်ပပြိုင်ပွဲတွေမှာမသုံးဘဲ အမှတ်ပေးစနစ်နဲ့ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ကျင်းပမယ့် BKFC လက်ဝှေ့ပြိုင်ပွဲတွေမှာတော့ Core Principle (၄) ချက်အတိုင်း လိုက်နာ ကျင့်သုံးဖို့ BKFC အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ ပဏာမဆွေးနွေးသဘောတူညီခဲ့ကြတယ်လို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ရဲ့ အမှုဆောင် ဦးဝဏ္ဏက ပြောပါတယ်။
BKFC နဲ့ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ရဲ့ ပဏာမ ညှိနှိုင်းချက်တွေကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီက သဘောတူခွင့်ပြုရင် BKFC နဲ့ မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ချုပ်တို့ စာချုပ်ချုပ်ဆိုပြီး လက်ရည်စစ်ပြိုင်ပွဲတွေကို Road to BKFC Lethwei အမည်နဲ့ လစဉ်ကျင်းပဖို့၊ BKFC Lethweiပြိုင်ပွဲတွေကို နိုင်ငံအသီးသီးမှာ (၂) လ တစ်ကြိမ် ကျင်းပဖို့နဲ့ မြန်မာနိုင်ငံမှာ တစ်နှစ်ကို အနည်းဆုံး ပြိုင်ပွဲကြီး (၁) ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလိုပြိုင်ပွဲတွေ ပြုလုပ်ခြင်းဖြင့် မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာအနှံ့သိရှိပြီး နိုင်ငံများစွာမှာ ပြိုင်ပွဲတွေ ကျင်းပ လာနိုင်မှာဖြစ်သလို ရိုးရာလက်ဝှေ့ကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်အားကစားနည်းအဖြစ် အသိအမှတ်ပြုဖို့ လျှောက်ထားရာမှာ အထောက်အကူမှာဖြစ်တယ်လို့ ဆိုပါတယ်။ဒါ့အပြင် မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားတွေအနေနဲ့ နိုင်ငံတကာ ထိုးသတ်ကြေးအတိုင်း ပြည်ပနိုင်ငံတွေမှာ ယှဉ်ပြိုင်ခွင့်ရရှိတာ၊ မြန်မာ့ရိုးရာလက်ဝှေ့ကစားသမားတွေ Player Ranking ရရှိတာနဲ့ ပြည်တွင်းမျိုးဆက်သစ် ပြိုင်ပွဲတွေ အခမဲ့ကျင်းပပြီး မျိုးဆက်သစ်ကစားသမားတွေ အဆက်မပြတ်မွေးထုတ်ပေးနိုင်တာ၊ ကလပ်အသင်းတွေကို ထောက်ပံ့ပေးနိုင်တာ၊ အနားယူသွားတဲ့ လက်ဝှေ့သမားဟောင်းကြီးတွေအတွက် သာရေးနာရေး ကျန်းမာရေး ကူညီစောင့်ရှောက်မှုပေးနိုင်တာ၊ ပြည်တွင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို ထောက်ပံ့ပေးနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်လို့ သိရပါတယ်။




