၂၀၂၄-၂၅ ဘောလုံးရာသီအတွက် ဥရောပသွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့တဲ့ ရီးရဲလ် တိုက်စစ်မှူး အမ်ဘာပေက အသင်းနဲ့အတူ ကာလရှည်နေသွားဖို့ ဆုံးဖြတ်ထားသလို ဆုဖလားအောင်မြင်မှုတွေ ရဖို့ကိုလည်း ဆန္ဒရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်အသင်းနဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ လာလီဂါသွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲလ်အသင်းက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့အတွက် အမ်ဘာပေအတွက် စိတ်တိုင်းကျတဲ့ဘောလုံးရာသီတော့ မဖြစ်ခဲ့တာပါ။ အမ်ဘာပေဟာ သူ့ရဲ့ကစားသမားဘဝ ပထမဆုံး ဥရောပ ရွှေဖိနပ်ဆုကို သောကြာနေ့က ဘာနေဗျူးကွင်းမှာ လက်ခံရယူခဲ့ပြီး ရီးရဲလ်အသင်း ဥက္ကဋ္ဌ ပီရက်ဇ်နဲ့ နည်းပြ အလွန်ဆိုအပါအဝင် ရီးရဲလ်အသင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီဆုကို ပထမဆုံးအကြိမ်ရတဲ့ အဓိပ္ပါယ် ကတော့ နောက်ထပ်အောင်မြင်မှုတွေ ထပ်ရလာဦးမယ်ဆိုတာပါပဲလို့ ဆုလက်ခံရယူအပြီးမှာ အမ်ဘာပေက ပြောပါတယ်။ ဒီဆုက ဥရောပ ပြည်တွင်းလိဂ်ပြိုင်ပွဲတွေရဲ့ သွင်းဂိုးတွေကို အမှတ်ပေးစနစ်နဲ့ တွက်ချက်ပြီး အမှတ်အများဆုံးရသူကို ပေးအပ်တာဖြစ်ပါတယ်။ ၃၁ ဂိုးသွင်းခဲ့တဲ့ အမ်ဘာပေက ရမှတ် ၆၂ မှတ်ရခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက စပို့တင်းအသင်းမှာ ကစားခဲ့တဲ့ တိုက်စစ်မှူး ယိုခရက်စ်နဲ့ လီဗာပူးတိုက်စစ်မှူး ဆာလက်ရှ်တို့ကို ကျော်ဖြတ်ပြီး ရွှေဖိနပ်ဆုရယူနိုင်ခဲ့တာဖြစ်ပါတယ်။




