လက်ရှိဂျူဗင်တပ်အသင်း ကြုံတွေ့နေရတဲ့ အခက်အခဲကာလကို ပြောင်းလဲနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ နည်းပြအဖြစ် တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နည်းပြသစ် စပယ်လက်တီက ပြောလိုက်ပါတယ်။ အီတလီ ဝါရင့်နည်းပြ စပယ်လက်တီဟာ ရာသီကုန်အထိ စာချုပ်နဲ့ ဂျုဗင်တပ်နည်းပြဖြစ်လာခဲ့ပြီး အောက်တိုဘာ ၃၁ ရက် နေ့က တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

စနေညမှာကစားမယ့် ခရီမိုနီစီအသင်းနဲ့ပွဲက စပယ်လက်တီရဲ့ ဂျုဗင်တပ် နည်းပြဘဝ ပထမဆုံး တာဝန်ယူတဲ့ပွဲဖြစ်လာမှာပါ။ ဒီအသင်းရဲ့ အရည်အချင်းကို သိတဲ့အတွက် အခက်ခဲဆုံး အချိန်မှာ ၈ လ စာချုပ်နဲ့ နည်းပြအဖြစ်တာဝန်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဂျူဗင်တပ်အသင်းမှာ စီးရီးအေချန်ပီယံ ဆုကို ရယူနိုင်တဲ့ အခြေအနေမျိုးရှိနေပါတယ်လို့ နည်းပြသစ်အဖြစ် မိတ်ဆက်ပွဲမှာ စပယ်လက်တီက ပြောသွား ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ၂၀၂၀ နောက်ပိုင်း စီးရီးအေချန်ပီယံဆုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး အခုရာသီမှာ လည်း ဇယားထိပ်ဆုံးက နာပိုလီ၊ရိုးမားအသင်းတွေနဲ့ ၆ မှတ်အကွာ အဆင့် ၇ နေရာကို ရောက်နေပါတယ်။

ကစားသမားတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အသင်းကို စီးရီးအေချန်ပီယံဆု ပြေးပွဲအတွင်း ပြန်လည် ဝင်ရောက်နိုင်အောင် ဦးဆောင်ပေးသွားနိုင်မယ်လို့ ယုံကြည်ချက်ရှိခဲ့ပါတယ်လို့ နည်းပြ စပယ်လက်တီက ပြောသွားပါတယ်။ ဂျူဗင်တပ်အသင်းဟာ အခုရာသီ ချန်ပီယံလိဂ်မှာလည်း ၃ ပွဲကစားအပြီး နိုင်ပွဲမရသေးဘဲ အမှတ်ပေးဇယား အောက်ပိုင်းမှာ ရပ်တည်နေပါတယ်။




