နှစ်နိုင်ငံဆက်ဆံရေး ပိုမိုရင်းနှီးစေဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြောက်ကိုရီးယားကို သွားရောက်မှာ ဖြစ်တယ် လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံပိုင်သတင်းဌာန Xinhua ကလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၈ ရက်ကနေ ၉ ရက်အထိ မြောက်ကိုရီးယားကို သွားရောက် လည်ပတ်မှာဖြစ်ကြောင်း ဇွန်လ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒါဟာ ရှီရဲ့ ခုနစ်နှစ်နီးပါးအတွင်း ပထမဆုံး မြောက်ကိုရီးယားခရီးစဉ် ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ဟာ အာရှ- ပစိဖိတ်ဒေသတွင်း အမေရိကန်ရဲ့ စစ်ရေးဩဇာလွှမ်းမိုးမှုကို တန်ပြန်ဖို့နဲ့ မြောက် ကိုရီးယားအစိုးရ ပြိုလဲမသွားအောင် ပံ့ပိုးပေးပြီး မိမိတို့ရဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနဲ့ ကုန်သွယ်ရေးစစ်ပွဲ၊ နည်းပညာပိတ်ဆို့မှုစတဲ့ တင်းမာမှု တွေ ရှိနေချိန်မှာ ရှီကျင့်ဖျင်ဟာ ပြုံယမ်းနဲ့ ဆက်ဆံရေးကို မြှင့်တင်ပြပြီး အမေရိကန်နဲ့ ဆွေးနွေးပွဲတွေမှာ မိမိဘက်က အသာစီးရမဲ့ နိုင်ငံရေးကတ်ပြားတစ်ခုအဖြစ် အသုံးချနေတာလည်း ဖြစ်ပါတယ်။




