မကွေးတိုင်းဒေသကြီးကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုက ပြောပါတယ်။ ဇွန်လ ၄ ရက်က ကျင်းပတဲ့ တတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယ နေ့မှာ အစိုးရသစ်ရဲ့ ပထမ ရက်၁၀၀ ကာလအတွင်း Quick Win စီမံချက်အရ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စီမံကိန်းဆိုင်ရာ ကိစ္စရပ်တွေနဲ့စပ်လျဥ်းပြီး မိန့်ခွန်းပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍမြှင့်တင်ဖို့နဲ့ ပန်းတိုင်အထွက်နှုန်းရရှိစေဖို့ အဓိကကျတဲ့ မျိုး၊ မြေ၊ ရေ၊ နည်း စတဲ့ အခြေခံကျတဲ့အချက်တွေကို တောင်သူတွေ လိုက်နာဆောင်ရွက်စေဖို့ အသိပညာပေး ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းနိုင်ဖို့ တိုင်းဒေသကြီးအစိုးရအစီအစဉ်နဲ့ လက်စွဲကောက်ရိတ် စက်တွေ၊ မျိုးစေ့ချကိရိယာတွေနဲ့ ထွန်စက်ကြီးတွေကို ဖြန့်ဝေထားပြီးဖြစ်သလို သွင်းအားစုဖြစ်တဲ့ ယူရီးယားနဲ့ ကွန်ပေါင်းဓာတ်မြေဩဇာတွေကိုလည်း ဖြန့်ဝေထားပြီး ဖြစ်တယ်လို့ သိရပါတယ်။စိုက်ပျိုးရေးကဏ္ဍတိုးတက်စေဖို့ အဓိကကျတဲ့လုပ်ငန်းစဉ်ဖြစ်တဲ့ စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေ ဖော်ထုတ် ရေးကိုလည်း နိုင်ငံတော်က (၅၀)ရာခိုင်နှုန်း၊ တောင်သူက (၅၀)ရာခိုင်နှုန်းနဲ့ ဖော်ဆောင်နိုင်ဖို့ တောင်သူလယ် သမားတွေကို ကွင်းဆင်းစည်းရုံး ဆောင်ရွက်နေတယ်လို့ ဦးတင်ကိုကိုက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့မြို့နယ် ၂၁ မြို့နယ်မှာ စပါးစိုက်ဧက ၉၆၂၄၈ ဧကနဲ့ တခြားသီးနှံစိုက်ဧက ၁၅၇၆၁၅ ဧကတို့အတွက် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစာရိတ်ချေးငွေ ကျပ်သန်းပေါင်း ၆၈၀၀၀ ကျော် ထုတ်ချေး သွားမှာ ဖြစ်ပါတယ်။တောင်သူတွေ လယ်ယာသုံးစက်ကိရိယာဝယ်ယူနိုင်ဖို့ လယ်ထွန်စက်(၇)စီးအတွက် ချေးငွေ(၄၀၉)သန်း ထုတ်ချေး နိုင်ရေးကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တိရိစ္ဆာန်တွေ ကူးစက်ရောဂါ မဖြစ်ပွားစေဖို့ ရည်ရွယ်ပြီး လည်ချောင်းကွဲရောဂါ၊ ပေါင်ပုတ်လက်ပုတ်ရောဂါ၊ ဒေါင့်တန်းရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ခွေးရူးရောဂါအပြင် တခြားရောဂါကာကွယ်ဆေးတွေကို ထိုးနှံပေးနေတယ်လို့လည်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောကြား ခဲ့ပါတယ်။




