အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အခြေချလုပ်ကိုင်ခဲ့ကြတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ် နယ်မြေနဲ့ KK Park နယ်မြေတွေရှိ တရားမဝင်အဆောက်အအုံတွေကို စနစ်တကျ ဖြိုချဖျက်ဆီးတာတွေ လုပ် ဆောင်နေရာမှာ ဇွန်လ(၄)ရက်အထိ စုစုပေါင်းအဆောက်အအုံ ၃၃ လုံးကို စနစ်တကျဖြိုချဖျက်ဆီးခဲ့ပြီး ကျန်ရှိတဲ့ အဆောက်အအုံ ၄၄ လုံးကိုလည်း စနစ်တကျ ဆက်လက်ဖြိုချဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အခြေချလုပ်ကိုင်ခဲ့ကြတဲ့ တရားမဝင် အဆောက်အအုံတွေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေ ထပ်မံကျူးလွန်တာ မပြုလုပ်နိုင်စေဖို့အတွက် အပြီးတိုင် ဖြိုချဖျက်ဆီး တာနဲ့ လုပ်ငန်းလုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကို စနစ်တကျဖျက်ဆီးတာတွေကို ဌာနဆိုင်ရာပူးပေါင်း အဖွဲ့တွေနဲ့ဆောင်ရွက်နေရာ ဇွန်လ(၄)ရက်ကလည်း ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၃ လုံးကို စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းတွေ ကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားတွေနဲ့ ဖြိုချဖျက်ဆီးမဲ့ အဆောက်အအုံ ၅၇ လုံးနဲ့ ဖောက်ခွဲပြီး ဖျက်ဆီးမဲ့ အဆောက်အအုံ အလုံး ၂၀ ဆိုပြီး အဆောက်အအုံအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ကာ စနစ်တကျ ဖြိုချဖျက်ဆီးနေတယ်လို့ သိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်း ကစားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူပြီး မြန်မာနိုင်ငံအတွင်း လုံးဝ အခြေမပြုနိုင်ရေးအတွက် ပြည်တွင်းအင်အားစုတွေအပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း ပေါင်းစပ်ညှိနှိုင်းကာ တက်ကြွစွာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။




