နာပိုလီအသင်းရဲ့ စကော့တလန်လက်ရွေးစင် ကွင်းလယ်လူ ဘီလီဂီလ်မောရဲ့ ဒဏ်ရာကို ခွဲစိတ်မှုအောင်မြင်ခဲ့ပြီ ဖြစ်ပြီး နာကျင်မှုကို အနည်းငယ်ခံစားနေရဆဲဖြစ်တယ်လို့ ဂီလ်မောက ပြောပါတယ်။

ဂီလ်မောဟာ ပေါင်ခြံဒဏ်ရာ ကြောင့် နာပိုလီအသင်းရဲ့ စီးရီးအေ ၃ ပွဲနဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲတို့ကို လွဲချော်ခဲ့ရတာဖြစ်ပြီး ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ဂီလ်မောရဲ့ ဒဏ်ရာကို တနင်္လာနေ့က လန်ဒန်မြို့မှာ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ နာပိုလီအသင်းက သတင်းထုတ်ပြန် လိုက်ပါတယ်။ ဂီလ်မောအနေနဲ့ ၂၀၂၅ နှစ်ကုန်အထိ နားရဖွယ်ရှိနေပြီး ၂၀၂၆ ဇန်နဝါရီမှာ ပြန်ကစားနိုင်ဖို့ကို မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

ဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူပြီးနောက် အခုချိန်မှာ ပြန်လည်သက်သာဖို့ အစီအစဉ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်လို့ ကွင်းလယ်လူ ဂီလ်မောက သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားထားခဲ့ပါတယ်။ ပွဲတွေနဲ့ ပရိသတ်တွေကို သတိရနေပြီဖြစ်တာကြောင့် အမြန်ဆုံး ပြန်ကစားနိုင်ဖို့ ကြိုးစား သွားမှာဖြစ်တယ်လို့လည်း ဂီလ်မောက ကတိပေးထားပါတယ်။ ဂီလ်မောဟာ အခုရာသီ နာပိုလီအသင်းအတွက် စီးရီးအေ ၉ ပွဲမှာ တစ်ဂိုးသွင်းယူပေးထားသလို ချန်ပီယံလိဂ် ပွဲစဉ် ၃ ပွဲမှာလည်း ပါဝင်ကစားပေးထားတာ ဖြစ်ပါတယ်။




