အခုည ဘရိုက်တန်အသင်းနဲ့ကစားမယ့်ပွဲအတွက် အသင်းလူစာရင်းမှာ ဆာလက်ရှ်ပြန်ပါလာမယ်လို လီဗာပူး နည်းပြ စလော့ကအတည်ပြုလိုက်ပါတယ်။

အသင်းနဲ့ နည်းပြကို ဝေဖန်ခဲ့တာကြောင့် ကြားရက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲ လူစာရင်းကနေ ဖယ်ထားခြင်းခံခဲ့ရတဲ့ ဆာလက်ရှ်နဲ့ စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို နည်းပြ စလော့က ပြောပါတယ်။ လက်ရှိ လီဗာပူးတိုက်စစ်မှာ အီဆက်ခ်က ရုန်းကန်နေရသလို ဂတ်ခ်ပိုကလည်း ကြွက်သားဒဏ်ရာရှိနေတာဖြစ်ပြီး တိုက်စစ်လိုအပ်ချက်အတွက် ဆာလက်ရှ်ကို အသင်းလူစာရင်းမှာ ပြန်လည် ထည့်သွင်းလိုက်တာဖြစ်ပါတယ်။ လူစာရင်းထဲမှာ ပြန်ပါလာပေမယ့် ဆာလက်ရှ်အနေနဲ့ ပွဲထွက်စာရင်းထဲမှာ ပါ၊မပါ ဆိုတာကိုတော့ နည်းပြစလော့က မပြောသွားပါဘူး။

အခုညမှာ ကစားမယ့် ဘရိုက်တန်အသင်းနဲ့ပွဲက ဆာလက်ရှ်အတွက် အာဖရိကဖလားပွဲမသွားခင် လီဗာပူးအတွက် နောက်ဆုံးကစားပေးတဲ့ပွဲဖြစ်ပြီး လီဗာပူး ပရိသတ်တွေကို နှုတ်ဆက်ဖိုအတွက် ဆာလက်ရှ်က သူ့မိခင်ဖြစ်သူကို ပွဲလာကြည့်ဖို ဖိတ်ထားတယ်လို သိရပါတယ်။ အီဂျစ်တိုက်စစ်မှူး ဆာလက်ရှ်ဟာ လာမယ့်တနင်္လာနေ့မှာ အီဂျစ်အသင်းနဲ့ ပူးပေါင်းဖို့အတွက် ထွက်ခွာမှာဖြစ်ပြီး အီဂျစ်အသင်းသာ အာဖရိကဖလား ဗိုလ်လုပွဲကို တက်ခဲ့မယ်ဆိုရင် ဆာလက်ရှ်ဟာ လီဗာပူးအသင်းရဲ့ ပွဲစဉ် ၈ ပွဲလောက်ကို လွဲချော်ရဖွယ်ရှိနေပါတယ်။




