အင်္ဂလန်ရပ်ဂ်ဘီ လက်ရွေးစင်ဟောင်း ဂျိုနသန် ဂျိုးဆပ်ဟာ အသက် ၃၄ နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူသွားပါတယ်။ ဂျိုးဆပ်ဟာ ဒဏ်ရာပြဿနာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက အနားယူနေခဲ့ရတာ ဖြစ်ပြီး အခုချိန်မှာတော့ အနားယူဖို့ကို ဆုံးဖြတ်လိုက်တာပါ။

ဂျိုးဆပ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၅၄ ပွဲကစားပေးခဲ့သူဖြစ်ပြီး ၆ နိုင်ငံများဖလားပြိုင်ပွဲ ချန်ပီယံဆု ၃ ကြိမ်ရအောင်ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ရပ်ဂ်ဘီကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်လုပွဲကို ရောက်ရှိရာမှာ ဂျိုးဆပ်က အဓိက ကစားသမား အဖြစ် လက်စွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလမှာ ရခဲ့တဲ့ ဒဏ်ရာက တော်တော်လေးကို ပြင်းထန်ခဲ့ပြီး အပြည့်အဝ ပြန်သက်သာလာဖို့ မလွယ်ကူတဲ့အတွက် အခုလိုမျိုးအနားယူဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဂျိုးဆပ်က ရေးထားပါတယ်။

အင်္ဂလန်ရပ်ဂ်ဘီ အဖွဲ့ချုပ်ကလည်း လက်ရွေးစင်အသင်းအတွက် ဂျိုးဆပ်ရဲ့ စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုသလို ဒဏ်ရာကနေ အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ဆုတောင်းပါတယ်လို့ ရေးထားပါတယ်။ အင်္ဂလန်သက်တမ်းအလိုက် ရပ်ဂ်ဘီလက်ရွေးစင်အသင်းတွေမှာ ရွေးချယ် ခံခဲ့ရတဲ့ ဂျိုးဆပ်ဟာ ၂၀၁၂ ခုနှစ်မှာ အင်္ဂလန်အသင်းကြီးအတွက် ပထမဆုံးအကြိမ် ကစားပေးခွင့်ရခဲ့တာဖြစ် ပါတယ်။




