အောက်တိုဘာလ(၂)ရက်နေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဗီလာအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ရပါတယ်။
ဗီလာအသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရသလို ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဖိအားပေးမှုတွေကို ခံခဲ့ရပေမယ့်လည်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး အနိုင်ရရှိခဲ့တာပါ။
ချန်ပီယံလိဂ်ပထမဆုံး ပွဲစဉ်မှာ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ အခုပွဲစဉ်မှာလည်း အနိုင်ရဖို့အတွက် ဟယ်ရီကိန်းအပြင် အသင်းရဲ့အဓိက ကစားသမားတွေကို အသုံးပြုလာခဲ့တာကို တွေ့ခဲ့ရပါတယ်။
ပွဲချိန်အတွင်း ဘိုင်ယန်မြူးနစ် အသင်းရဲ့ဖိအားပေးမှုတွေကို ခံခဲ့ရပေမယ့်လည်း ဗီလာအသင်းဟာ အကောင်းဆုံးကစားနိုင်ခဲ့သလို ဂိုးသမား မာတီနက်ဇ်ကလည်း လက်စွမ်းပြကာကွယ်ခဲ့ပါတယ်။
ဗီလာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန်(၇၉)မိနစ်မှာ တောရက်စ်ရဲ့ပေးပို့မှုကို ဒူရန်က လှလှပပ ကန်သွင်းယူပေးခဲ့ပါတယ်။
ဗီလာ အသင်းဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ယန်းဘွိုင်းအသင်းကို (၃)ဂိုးပြတ် အနိုင်ရရှိခဲ့သလို အခုပွဲစဉ်မှာလည်း ဘိုင်ယန်မြူးနစ် အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်(၂)ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့်အနိုင်ရလဒ်နဲ့အတူ အမှတ်ပေး ဇယားရဲ့ အဆင့်(၆)နေရာမှာ ရပ်တည်နေပါတယ်။