ဗီလာအသင်းဟာ အခုဘောလုံးရာသီမှာ အသင်းအတွက် ခြေစွမ်းပြကစားနေတဲ့ လူငယ်တိုက်စစ်မှူး ဂျွန်ဒူရန်ကို (၂၀၃၀)ပြည့်နှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုနိုင်ခဲ့ပြီလို့ အောက်တိုဘာလ(၇)ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။
ဂျွန်ဒူရန်ဟာ အခုမှအသက်(၂၀)အရွယ်သာ ရှိသေးတယ်ဆိုပေမယ့် ဗီလာအသင်းအတွက် အခုဘောလုံးရာသီမှာ ခြေစွမ်းပြနေသလို ကစားခဲ့တဲ့ပွဲစဉ်တွေမှာ သွင်းဂိုးတွေကိုလည်း သွင်းယူပေးနေခဲ့တာပါ။
ဂျွန်ဒူရန်ဟာ (၂၀၂၃)ခုနှစ်၊ ဇန်နဝါရီအပြောင်းအရွှေ့မှာမှ မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းကနေ ဗီလာ အသင်းကို (၅)နှစ်ခွဲစာချုပ်နဲ့ ရောက်လာခဲ့တာဖြစ်ပြီး အသင်းနဲ့စာချုပ်သက်တမ်းက (၂၀၂၈)ခုနှစ်အထိ ကျန်ရှိနေပါသေးတယ်။
ဒါပေမဲ့ ဂျွန်ဒူရန်ကို (၂၀၃၀)ပြည့်နှစ်အထိ အသင်းမှာဆက်ရှိစေချင်တာကြောင့် သက်တမ်းတိုး စာချုပ်ကို ဗီလာအသင်းက ထပ်မံချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဂျွန်ဒူရန်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူခဲ့ပြီးနောက် အခုဘောလုံးရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး(၆)ဂိုး ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။