အသင်းရဲ့အဓိကဂိုးသမား တာစတီဂန် ဒဏ်ရာရရှိခဲ့ပြီးနောက် ဂိုးသမားသစ်တစ်ယောက်ကို ရှာဖွေနေခဲ့တဲ့ ဘာစီလိုနာအသင်းဟာ ပိုလန်ဂိုးသမား ဆက်ဇနီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အောက်တိုဘာလ(၂)ရက်နေ့မှာ တရားဝင်ကြေညာခဲ့ပါတယ်။
တာစတီဂန်ဟာ ဗီလာရီးရဲလ်အသင်းကို (၅)ဂိုး၊ (၁)ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ရာသီကုန်တဲ့အထိ အနားယူရတော့မှာပါ။
ဘာစီလိုနာအသင်းက တာစတီဂန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားတစ်ယောက်ကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။
ဆက်ဇနီဟာ ဂျူဗင်တပ်အသင်းနဲ့ လမ်းခွဲပြီးနောက် ပြီးခဲ့တဲ့ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပေမယ့်လည်း ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ အသက်(၃၄)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဆက်ဇနီကို ရာသီကုန်ထိ စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာပါ။
ဆက်ဇနီဟာ အာဆင်နယ်၊ ရိုးမားနဲ့ ဂျူဗင်တပ်အသင်းတို့မှာ ကစားခဲ့ဖူးတာကြောင့် ဘာစီလိုနာအသင်းအတွက် အကောင်းဆုံးကစားပေးနိုင်လိမ့်မယ်လို့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။