ရွှေဈေးကွက် မတည်မငြိမ် ဖြစ်စေဖို့ ရည်ရွယ်ပြီး ပြင်ပရွှေ ပေါက်ဈေးနှုန်းနဲ့ ရွှေတုံး၊ ရွှေခဲတွေကို ဝယ်ယူ/ သိုလှောင်တာ၊ အရောင်းအဝယ်ပြုလုပ်တာတွေ ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် အပါအဝင် ရွှေဆိုင်ပိုင်ရှင် သုံးယောက်ကို ပန်းဘဲတန်းမြို့နယ် တရားရုံးက မတ် ၁၉ ရက်မှာ ထောင်ဒဏ် သုံးနှစ်စီနဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ရန်ကုန်မြို့က ရွှေလုပ်ငန်းရှင်တွေက One News ကို ပြောပါတယ်။အခုလို ရွှေဆိုင်ပိုင်ရှင် သုံးယောက်ကို အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅၊ ရာဇသတ်ကြီးပုဒ်မ ၁၀၉ တို့အရ ထောင်ဒဏ် သုံးနှစ်စီ ချမှတ်လိုက်တယ်ဆိုတာ သိထားပြီးတော့ ပြည်တွင်းရွှေဈေးကွက် အရောင်းအဝယ် အပေါ် သက်ရောက်မှု ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်)နဲ့ အတွင်းရေးမှူး ဦးနေမျိုးထက်(ရွှေစင် အကယ်ဒမီရွှေဆိုင်)တို့ ၃ ယောက် ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အခုနှစ် ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ဦးမျိုးမြင့်အနေနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ၈ တုံးကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည်ရောင်းချဖို့ သိုလှောင် ထားရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။အဲဒီအပြင် ဦးမျိုးသူဝင်းအနေနဲ့ သူရဲ့ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားကို ပြင်ပပေါက်ဈေးနဲ့ ဝယ်ယူပြီး ရွှေ ၉၅၀ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်း မြှင့်တင် ပြန်လည်ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဦးနေမျိုးထက်အနေနဲ့ သူရဲ့ ရွှေဆိုင်တွေမှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ နဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားကို ပြင်ပပေါက်ဈေးနှုန်းနဲ့ ဝယ်ယူပြီး ရွှေ ၂၆၈ ကျပ်သားကို အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့တာကို စိစစ်တွေ့ရှိရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် ဆောင်ရွက်ရာမှာ ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် လိုအပ်တဲ့ အမိန့် ညွှန်ကြားချက် တွေ ထုတ်ပြန်တာ၊ နေ့စဉ်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးနှုန်းတွေ သတ်မှတ်ထုတ်ပြန်နေပါတယ်။ဒါ့ကြောင့် ရွှေလုပ်ငန်းရှင်တွေအနေနဲ့ ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင် ရွက်သွားကြဖို့၊ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို တိကျစွာ လိုက်နာဆောင်ရွက် သွား ကြဖို့နဲ့ လိုက်နာဆောင်ရွက်တာ မရှိတဲ့ ရွှေလုပ်ငန်းရှင်တွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။




